MNP - ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာ များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဉ်ဆောင်ရွက် သွားရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါးစိုက်ပျိုးသည့် ဧကများ အောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်သွားရန်၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးလျက်ရှိသည့် တောင်သူများ လိုအပ်ချက်နှင့် အခက်အခဲများ မဖြစ်ပေါ်စေရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ ရပ်ကွက်၊ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့များဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်သွားရန် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဖြည့်စွက် ရှင်းလင်းခဲ့ကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment