ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်



MNP  -   ဇန်နဝါရီ ၃၁

၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြား သည်။


ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စု၏ အနှစ်သာရနှင့် ပေါ်လွင်အောင် ပုံရိပ်ကောင်းကောင်းဖြင့် အများပြည်သူ ယုံကြည်ခိုင်မာလာစေရေး အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် ကျင်းပ ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ အလားတူ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပါဝင်ဆောင်ရွက်ရမည့် ဂုဏ်ပြုဖျော်ဖြေပွဲနှင့် ပြခန်းနှင့် ရိုးရာအစာအစားအရောင်းပြခန်းများ ခင်းကျင်းပြသနိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် စုစုစည်းစည်းဖြင့် လုပ်ငန်းတာဝန်အလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သွားမည့် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ အထိမ်းအမှတ် ပြိုင်ပွဲနှင့် အားကစားပွဲများ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ အလိုက် လုပ်ငန်းတာဝန်များကို ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဂုဏ်ပြု ဖျော်ဖြေပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်နယ်ကိုယ်စားပြု ပြခန်းနှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ခင်းကျင်းပြသနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်စီမံ ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ ရန်ပုံငွေသုံးစွဲသွားမည့် ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားတွင် မနောအက ထည့်သွင်းကျင်းပနိုင်ရေးနှင့် လိုအပ်သည်များကို ဆပ်ကော်မတီများ၏ လုပ်ငန်းကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရှိ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူနှင့် အစိုးရအကြား စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖွဲ့စည်း ဆောင်ရွက်‌ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ  စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်နယ်နှင့် ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအား ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။


ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ပြည်သူနှင့် အစိုးရအကြား စေ့စပ်ညှိနှိုင်း ဆောင်ရွက်နိုင်ပေးခဲ့သည့်အပြင်၊ ဒေသဖွံ့ဖြိုးရေး၊ ပန်းခင်း စီမံချက်နှင့် ပညာရေးကဏ္ဍတို့တွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်နယ်နှင့် ခရိုင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအားလုံးကို မိမိတို့အစိုးရ အဖွဲ့အနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ နာယကအဖွဲ့ဝင်များထံ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်နှင့် ဗန်းမော် ခရိုင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းစီကို လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြရာ ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖော်လားဂမ်ဖန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)