MNP - ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးကျင်းပသော မြို့နယ်အဆင့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းက အမှာစကား ပြောကြားရာ ကျောင်းသား/သူများအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောချက်များအား လိုက်နာမှတ်သားထားကြရန်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောရာတွင် ကလေးအလုပ်သမား စတင်ဖြစ်ပေါ်လာရမှုအခြေအနေ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ ပညာရေးဌာန၏ ဦးတည်ဆောင်ရွက်မှုများအကြောင်းတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေမြင့်က ကလေးအလုပ်သမား၏ အဓိပ္ပယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်း/အလုပ်၊ အလုပ်လုပ်သော ကလေးများအား ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာဆက်သင်ယူရန်နှင့် ကလေးများလုပ်သောအလုပ်များနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အကြောင်းတို့ကို အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကသာမြို့နယ် အတွင်းရှိ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ
https://t.me/MyanmarNationalPost
No comments:
Post a Comment