NUG/PDF အကြမ်းဖက်သမားများနှင့် KIA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များမှ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၁၁၂၂ လုံး မီးလောင် ဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG/PDF အကြမ်းဖက်သမားများနှင့် KIA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များမှ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၁၁၂၂ လုံး မီးလောင် ဆုံးရှုံး

BBC ၊ VOA၊ RFA ၊ Irrawaddy၊ Mizzima ၊ Myanmar Now၊ Khit Thit၊ DVB အစရှိသည့် ပြည်ဖျက်မီဒီယာများ က ဆိုရှယ်မီဒီယာများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်လေဟန်ပုံဖျက်ထုတ်လွှင့် 

















MNP ၊ ဇန်နဝါရီ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က NUG/PDF အကြမ်းဖက်သမားများနှင့် KIA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များမှ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး ထိုမီးရှို့မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး BBC ၊ VOA၊ RFA ၊ Irrawaddy၊ Mizzima ၊ Myanmar Now၊ Khit Thit၊ DVB အစရှိသည့် ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်လိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ဆိုရှယ် မီဒီယာများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်လေဟန်ပုံဖျက်ထုတ်လွှင့် ဝါဒဖြန့်ချိလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် NUG၊ PDF အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ဘက်ပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား တိုက်ခိုက် ဖျက်ဆီးလျက်ရှိခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲပြီး အကြောင်းမဲ့ သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် ဆက်စပ်နယ်မြေ အတွင်းရှိ ကျေးရွာများအား KIA သောင်းကျန်းသူ အဖွဲ့များနှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးမှုများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျက် ရှိပါသည်။


မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်း NUG/PDF အကြမ်းဖက်သမားများနှင့် KIA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်း ၂၂ ရွာနှင့် မီးလောင်မှု ၂၃ ကြိမ် ရှိခဲ့ပြီး အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၁၁၂၂ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါ မီးရှို့ခံရသည့်ဖြစ်စဉ်များအား စိစစ်ဖော်ထုတ်ခဲ့ရာ မျက်မြင်ကိုယ်တွေ့ ဒုက္ခကြုံတွေ့ခဲ့ရသည့် ကျေးရွာပြည်သူများ၏ ရင်ဖွင့်ပြောကြားချက်များအရ NUG၊ PDF၊ KIA အကြမ်းဖက်သမားများသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်း များကို မထောက်ခံသည့် ကျေးရွာများ၊ ဆက်ကြေးမပေးသည့် ကျေးရွာများနှင့် ၎င်းတို့၏ အန္တရာယ်ကို ကာကွယ်ရန် ပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာများကို အဓိကပစ်မှတ်ထား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏ နောက်သို့ထပ်ကြပ်လိုက်ပါ၍ နှိမ်နင်းမှုများ မဆောင်ရွက်နိုင်စေရန် ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် လူနေအိမ်များအား မီးရှို့ထွက်ပြေးခြင်း ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအား မောင်းထုတ်ကာ ၎င်းတို့မရှိချိန် မီးရှို့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့လေဟန် မဟုတ်မမှန်လုပ်ကြံပြီး ရွာသားများကို အသိပေးခြင်းများအား ရက်စက်ယုတ်မာစွာ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ မီးရှို့ဖြစ်စဉ်များကို မျက်မြင်ကိုယ်တွေ့ ဒုက္ခကြုံတွေ့ခဲ့ရသည့် ကျေးရွာပြည်သူများ၏  ရင်ဖွင့်ပြောကြားချက်များကို ယခုလိုပဲ စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါတယ် -

-    သူတို့တွေ အဝင်/အထွက်တော့ရှိတာပဲ။ ယူနီဖောင်းတွေနဲ့ ဘာတွေလဲတော့ မသိဘူး။ ၄၀ / ၅၀ လောက်ပဲ။ အရပ်ဝတ်တွေရော ၊ ပြောက်ကျားအစိမ်းတွေနဲ့ရော ။ ကျွန်တော့်အိမ်ကို အဲ့ကောင်တွေပဲ မီးရှို့သွားတာ၊ ပြောက်ကျားအစိမ်းတွေနဲ့ ဘာ တွေလည်းတော့ မသိဘူး ၊ PDF တွေလား KIA တွေလားမသိဘူး။ မြင်လိုက်တယ်ဟု မိုးတားကြီးကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။ပစ်တာခတ်တာကြားလို့ လယ်ထဲကနေကြောက်လို့ဆိုပြီး ရွာထဲကိုပြန်လာတော့ ဒီလည်းရောက်ရော စစ်တပ်ကဝင်လာတော့ ၊ စစ်တပ်နဲ့လည်း ပစ်လည်းပစ်ပြီးရော ထွက်တဲ့အထွက်မှာ မီးရှို့သွားတာလောက်ပဲ သိပါတယ်ခင်ဗျာ။ မီးရှို့သွားတာ က PDF တွေရှို့သွားတာ။ တခြားအဖွဲ့တွေလည်း ပါပါတယ်။ ဝတ်ထားတာကတော့ ပြောက်ကျား တွေပါတယ်။ တချို့အရပ်ဝတ်တွေလည်း ပါပါတယ်။ ကျွန်တော်က မိသားစုမရှိပါဘူး။ တစ်ကောင်ကြွက်ပါ။ စာရင်းငှား လာလုပ်တာပါဟု မိုးတားကြီး ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

-    PDF တွေက ရွာထဲကနေဖြတ်သွားပြီး ကျွန်တော့်အိမ်ကို မီးရှို့သွားတာပါ။ မနက်အစောကြီးက မီးရှို့သွားတာ။ ကျွန်တော့်အိမ်တင်မဟုတ်ဘူး၊ ဘေးကအိမ်တွေပါ မီးရှို့သွားတာပါ။ PDF တွေ ၂၀ / ၃၀ လောက်ရှိမယ်။ ကျွန်တော်မျက်စိနဲ့ မြင်လိုက် တယ်။ ယူနီဖောင်းတွေနဲ့ပါ။ တချို့ကလည်း အရပ်ဝတ်တွေနဲ့ပါ။ ကျွန်တော့်အိမ်ကို မီးရှို့သွားတာပါ။ ကလေးတွေတောင် လယ်တောထဲမှာပါဟု ဆူးပုတ်ကုန်းကျေးရွာမှရွာသားတစ်ဦးကပြောသည်။ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က လာတယ်။ သူတို့ ၂၀ ကျော်ကျော်လောက်ရှိတယ်။ သေနတ်တွေပါတယ်။ ယူနီဖောင်းက ပြောက်ကျားတွေ များတယ်။ သေချာ သတိမထားလိုက်ပေမဲ့ PDF တံဆိပ်ပါတာ တွေ့တယ်။ စစ်ကြောင်းလာတော့ သူတို့ ပစ်ပြေးတဲ့ အချိန်မှာ ကျွန်တော့်အိမ်ကို မီးရှို့သွားတာ ။ PDf တွေ့ရှို့သွားတာ မြင်လိုက် တယ်ဟုနောင်ပင်ကျေးရွာ ရွာသားတစ်ဦးကပြောသည်။

-    မနက်ပိုင်းမှာ PDF နဲ့ စစ်တပ် တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ ရွာထဲဝင်ပြီးမှ PDF တွေ အိမ်အလုံး ၃၀ လောက် မီးရှို့သွားတယ်။ ကျွန်တော်တို့ရွာသားတွေ မီးထွက် မငြိမ်းရဲလို့ မငြိမ်းရပါဘူးဟု မင်းလယ်ကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။

-    မနက်က PDF နဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်သံကြားတယ်။ တိုက်ပွဲဖြစ်ပြီး PDF တွေရွာထဲဝင်လာတယ်။ ဝင်လာပြီး မီးရှို့တယ် ။ အိမ်ခြေအလုံး ၃၀ လောက်ပါသွား တယ်။ ကျွန်တော်တို့လည်းကြောက်တာနဲ့ မီးထွက်မငြိမ်းရဲဘူး။ PDFတွေ တိုက်ပွဲဖြစ် တိုင်း သူတို့ရွာထဲဝင်ပြီး အမြဲတမ်းမီးရှို့နေကျပါဟု မင်းလယ်ကျေးရွာမှ ရွာသားတစ်ဦး ကပြောသည်။


    ထိုမီးရှို့မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး BBC ၊ VOA၊ RFA ၊ Irrawaddy၊ Mizzima ၊ Myanmar Now၊ Khit Thit၊ DVB အစရှိသည့် ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်လိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ဆိုရှယ် မီဒီယာများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်လေဟန်ပုံဖျက်ထုတ်လွှင့် ဝါဒဖြန့်ချိလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိပါသည်။


အထူးသဖြင့် ရိုးသားသည့် ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားကာ နာကျည်းစိတ်များ ဖြစ်ပေါ်လာစေရေး၊ ၎င်းတို့ကို ထောက်ခံအားပေးမှု ရရှိလာစေရေး လိမ်ညာလုပ်ကြံဝါဒဖြန့်မှုများ ပြုလုပ် နိုင်ရန်အတွက် အပြစ်မဲ့ပြည်သူများ၏ အိုး၊ အိမ်၊ စည်းစိမ်ပစ္စည်းဥစ္စာများကို ရက်စက်စွာ ဖျက်ဆီးခဲ့သည့် လုပ်ဆောင်ချက်များ ဖြစ်ကြောင်း တွေ့ရှိရပါသည်။


    အကြမ်းဖက်သမား NUG ၊ PDF၊ KIA ပူးပေါင်းအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၂၂ ရွာမှ ဒုက္ခရောက်ခဲ့ရသည့် ရွာသူ/ရွာသားတစ်ချို့၏ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်မှန်များနှင့် ရင်ဖွင့်ပြောကြားသံများကို ကြားသိခဲ့ရပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာသားများနှင့် ပူးပေါင်း၍ မီးငြိမ်းသတ်ပေးခြင်း၊ မီးဘေးသင့်ပြည်သူများအား လုံခြုံရေးစီမံပေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် တပ်မတော်မှ ကူညီ ကယ်ဆယ်ရေး ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။


သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း NUG ၊ PDF၊ KIA အကြမ်းဖက် သမားများက အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်စဉ် အမှန်များအား မိဘပြည်သူများ သိရှိနိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသော ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက် ဖျက်ဆီးနေသော အကြမ်းဖက် သမားများ အန္တရာယ်မှ ကာကွယ်တားဆီး နှိမ်နင်းနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးအစီအမံများအား လုပ်ဆောင် ပေးလျက်ရှိကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)