MNP - ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို၌ လမ်းတံတားဆိပ်များရှီ အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖော်ပြပါ အခမဲ့ ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို မအီမြို့နယ်အတွင်းရှိ ရန်ကုန်<--->ကျောက်ဖြူလမ်းပေါ်၌ တည်ရှိသည့် စနဲပေါက်တံတားနှင့် လုံးတော်ပေါက်တံတားဆိပ်များသို့ သွားရောက်၍ လမ်းတံတားအလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုများ၏ ဖျားနာလူနာ၊ ငှက်ဖျားလူနာ၊ ဒဏ်ရာရရှိလူနာ၊ သွေးတိုး/သွေးကျလူနာနှင့် ကိုယ်ဝန်ဆောင်မိခင်များအပြင် ၂ နှစ်အောက်ကလေးများ၊ ၅ နှစ်အောက်ကလေးများနှင့် နာမကျန်းသည့် သက်ကြီးရွယ်အိုများ စုစုပေါင်း ၈၈ ဦးတို့ကို ရုံးပိတ်ရက် ၂ ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို အဆိုပါတံတားဆိပ်များ၏ တာဝန်ခံအင်ဂျင်နီယာများဖြစ်သည့် ဦးအောင်ကျော်ထွန်းနှင့် ဦးဟိန်းဝင်းလတ်တို့က အကူအညီတောင်းခံလာမှုကြောင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်အပတ်များတွင်လည်း ဖော်ပြပါ တံတားဆိပ်များသို့ တစ်ပတ်လျှင် ၂ ရက်စီ ပုံမှန်ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်ခြင်းများကို အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost




No comments:
Post a Comment