မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အလံတစ်ရာစေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အလံတစ်ရာစေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား တက်ရောက်







MNP   -    ​ဖေ​ဖော်ဝါရီ   ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်​ချောင်​ကျေးရွာ အလံတစ်ရာကုန်း​တော်၌ တည်ထားကိုးကွယ်​တော်မူ​သော ​အလံတစ်ရာ စေတီ​တော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၂၆ ရက်​နေ့၊ နံနက်ပိုင်းက စေတီ​တော်မြတ်ကြီး၏ ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။


​ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာ​တော်ကြီးများကို ဖူး​မြော်ကြည်ညိုခဲ့သည်။

ယင်း​နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ၊ နန်းဦးကျောင်းတိုက်၏  ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသည့် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက၊ အလံတစ်ရာစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း တို့​ဆောင်ရွက်ခဲ့ကြသည်။


ထို့​နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များက ဩဝါဒကထာများ ချီးမြှင့်ပေးတော်မူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ယင်းနောက်ဆရာတော်သံဃာတော်များအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာအချိန်၌ မင်္ဂလာရထားပျံပေါ်သို့ ပင့်ဆောင်‌ကာ စေတီတော်အထွဋ်သို့ တင်လှူ ပူ​ဇော်ခဲ့ကြသည်။


အလံတစ်ရာ မဟာသောဏ္ဍာယ ဆံတော်ရှင်စေတီတော်မြတ်ကြီးမှာ တည်ထားကာလကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းမှုများရှိလာသောကြောင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ ၃၇၇ ပေ ၆ လက်မထိ လုံးတော်ပြည့် ဥာဏ်တော်မြှင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြောင်း ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ နေ့စဥ်နံနက်ပိုင်းအချိန်များ၌ ထီးတော်ဘုံအဆင့်ဆင့်အစိတ်အပိုင်းများကို ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ယောဂီသူတော်စင်များနှင့် ရပ်နီးရပ်ဝေးမှ ၇ ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမများမှ စုပေါင်း၍ စေတီတော်အထက်သို့ မင်္ဂလာရထားပျံဖြင့် နေ့စဉ် တင်လှူပူဇော်ကြပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ငှက်မြတ်နားနှင့် စိန်ဖူးတော် တို့ကို နောက်ဆုံးတင်လှူပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)