ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန်သားပေါက်မျိုး စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန်သားပေါက်မျိုး စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ




MNP   -    ဖေဖော်ဝါရီ   ၁၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးရှိ ကြွီတဲချောင်း သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန်သားပေါက်မျိုး စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြွီတဲချောင်းသဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန် သားပေါက်မျိုး စိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြရာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်းက ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ရခြင်း၏ အကြောင်းအရင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မျိုးစိုက်ထည့်မည့် ရေငန်ပုစွန်သားပေါက်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ရေငန်ပုစွန် သားပေါက်မျိုး ငါးသိန်းကို ကြွီတဲချောင်း သဘာဝရေပြင်အတွင်းသို့ မျိုးစိုက်ထည့်ပေးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေချမ်းပြင်ကျေးရွာအနီးရှိ ရေငန်ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်းသို့ သွားရောက်ကာ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများ၊ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်များနှင့်အညီ သရုပ်ပြမွေးမြူရေကန်အပါအဝင် မွေးမြူရေးကန်များတို့ချဲ့ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ စခန်းတာဝန်ခံက လိုက်လံရှင်းလင်းပြသ သည်။ အဆိုပါ ရေငန်ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်းတွင် ရေငန်ပုစွန်သားလောင်း ၆ သန်းကျော် မွေးမြူနိုင်ပြီး လက်ရှိတွင် ပုစွန်သားလောင်း ၅ သန်းကျော်မွေးမြူလျက်ရှိကြောင်း သိရသည်။


နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြိုပြ) ရုံးသို့ သွားရောက်ပြီး ဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မြင့်က ရခိုင်ပြည်နယ်အတွင်းရှိ လမ်း/တံတား လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၊ ရဲမှူးကြီးသက်လွင်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ရခိုင်ပြည်နယ်တွင် ယခုအချိန်၌ အခြေအနေကောင်းများ  ဖြစ်ပေါ်တိုးတက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုအခွင့်အရေးများကို အခွင့်ကောင်းယူ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ပတ်သက်ပြီး ကုန်ထုတ်လုပ်ငန်းများ များစွာရှိပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်စွမ်းအားများ၊ ကုန်ထုတ်လမ်းများ၊ တံတားများကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနက သတ်မှတ်ထားသည့် လုပ်ငန်းများကို စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးလုပ်ငန်းများကို အထူးတွန်းအားပေး လုပ်ဆောင်ပေးကြစေလိုကြောင်းနှင့် မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စများကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌လည်းကောင်း ဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။ စိုက်ပျိုးရေးဦးစီးဌာန၌ တွေ့ဆုံစဉ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ရခိုင်ပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်အောင် အဓိကထားဆောင်ရွက်နေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်လာရန်အတွက် ကွင်းဆင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်ကပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဌာနသည် ပြည်သူကို အကျိုးပြုသည့် ဌာနဖြစ်သည့် အတွက် တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြစေ လိုကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း ပွင့်ပွင့်လင်းလင်းတင်ပြပေးကြစေလိုကြောင်း ပြောကြား သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


တင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)