MNP - ဖေဖော်ဝါရီ ၁၃
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စု (ဆီထွက်သီးနှံ) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ ကော့သံခါကျေးရွာ အုပ်စု၊ ကော့သံခါ-ထုံးအိုင်(ဆီထွက်သီးနှံ)ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အဆိုပါ ကုန်ထုတ်လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်ပမှ စားသုံးဆီ တင်သွင်းမှုလျော့ချစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် စားသုံးဆီ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ လယ်ယာထွက်ဆီထွက်သီးနှံများ ကျေးရွာအရောက် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေ ရရှိရေးအတွက် ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးခြင်းနှင့် မြစိမ်းရောင် (ဆီထွက်သီးနှံ) စီမံကိန်းချေးငွေများ စီစဉ်ဆောင်ရွက်ပေးခြင်းသည် အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးရန်မျိုးနိုင်က ဆီထွက်သီးနှံ ကုန်ထုတ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဦးစီးမှူးက လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ကော့သံခါ-ထုံးအိုင် (ဆီထွက်သီးနှံ) ကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ယနေ့ဖွင့်လှစ်သည့် ဆီထွက်သီးနှံကုန်ထုတ်လမ်းသည် စိုက်ပျိုးမြေ (၄၁၅)ဧကကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အကျယ် ၁၂ ပေ၊ ထု ၃ ပေ ၉ လက်မနှင့် အရှည် တစ်မိုင်လေးဖာလုံတွင် အကျယ် ၁၄ ပေ၊ အမြင့် ၈ ပေ၊ အရှည် ၃၀ ပေရှိ ကုန်ထုတ်ကွန်ကရစ်တံတားတစ်စင်း၊ အလျား ၂၄ ပေ၊ အနံ ၅ ပေ၊ အမြင့် ၅ ပေရှိ Box Culvert (၃)စင်းတို့ကို ပြည်ထောင်စု(ဆီထွက်သီးနှံ)ရန်ပုံငွေ ၁၄၆ ဒဿမ ၇၀၃ သန်းဖြင့် ဆောင်ရွက်ပြီးစီးဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါ ကုန်ထုတ်လမ်းပေါ်ရှိ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆိုလာစွမ်းအင်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ကော့သံခါကျေးရွာ ဆောင်းဆီထွက်သီးနှံ(နေကြာ) ဓာတ်မြေဩဇာစုပေါင်းထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအား ပေးခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment