မူဆယ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ




MNP    -   ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ကွင်းပြင်၌ ယမန်နေ့ နံနက်(၅) နာရီ အချိန်က နိုင်ငံတော်အလံတင်အခမ်းအနားကိုပြုလုပ်ခဲ့ပြီး နံနက် (၇) နာရီအချိန်တွင် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့သည်။


အဆိုပါ နိုင်ငံတော်အလံတင်ခြင်းအခမ်းအနားကို မူဆယ်ခရိုင်ဂုဏ်ပြုရဲတပ်ဖွဲ့မှ ဦးဆောင်၍ မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ပြီး နိုင်ငံတော်အလံတင် အလေးပြုခဲ့ကြသည်။


ယင်းနောက် နံနက် (၇) နာရီအချိန်တွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရီသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး မူဆယ်မြို့ အခြေခံပညာကျောင်းများတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကာတွန်း ပြိုင်ပွဲများတွင် ဆုရရှိသည့် (ထက်၊ လယ်၊ မူ) မှ ကျောင်းသား/သူများကို ဂုဏ်ပြုဆုမှတ်တမ်းလွှာများ ဆုချီးမြှင့်ခဲ့ပြီး တိုင်းရင်းသားရိုးရာအကပေါင်းစုံဖြင့် ကပြဖျော်ဖြေကြသည်။ ထို့အပြင် မူဆယ်ခရိုင် အတွင်းရှိ မြို့နယ်များဖြစ်သည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ မုံးကိုး၊ တာမိုးညဲ၊ မန့်ဟီးရိုးနှင့် ပန်ဆိုင်း(ကြူကုတ်)မြို့များတွင်လည်း အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း၊ ဆုချီးမြှင့်ခြင်းအခမ်းအနားများလည်း ပြုလုပ်ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်ခဲ့သည်။


အဆိုပါ အခမ်းအနားကို မူဆယ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်တကွ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများ၊ မူဆယ်မြို့နယ် လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ မြို့ခံရပ်မိ၊ ရပ်ဖများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment