နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မည့် ပါတီများ ( မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ - MPD ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မည့် ပါတီများ ( မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ - MPD )



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို ၂၆-၁-၂၀၂၃ ရက်နေ့က ထုတ်ပြန်အပြီးမှာ ယခင်ကဥပဒေအရ တည်ရှိနေတဲ့ ပါတီများဟာလည်း ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း (၆၀) အတွင်း ပြန်လည်မှတ်ပုံတင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပါရှိပြီး ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်ပါတယ်။

ဥပဒေအသစ် ထုတ်ပြန်ပြီး နောက် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမှု (၄)ခု ရှိပါပြီ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD )၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) တို့ဖြစ်ကြပါတယ်။

USDP ပါတီရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်များကို ဖော်ပြပေးခဲ့ပြီးဖြစ်လို့ ထပ်မံပြီးတော့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) ရဲ့ အခြေခံမူ နဲ့ အဓိဋ္ဌာန်များကို အများပြည်သူ သိရှိလေ့လာနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ အမှတ်(၈၃)တွင် ပါတီရုံးချုပ်တည်ရှိသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် ၈-၂-၂၀၂၃ ရက်နေ့တွင် လျှောက်ထားခဲ့ပြီး ဖြစ်ပါတယ်။

ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အများသိစေရန် ကြေညာထားပါတယ်။

မှတ်တမ်းများအရ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (Myanmar People's Democratic Party - MPD) ဟာ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်း ၁၈.၁၁.၂၀၁၆ မှာ ပါတီတည်ထောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ စတင်တည်ထောင်စဉ်ကတည်းက ပြည်ထောင်စုအဆင့် ပါတီအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) ရဲ့ အခြေခံမူတွေမှာတော့ -

၁။ ပြည်သူလူထုကိုယ်စားပြု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ဦးတည်၍ ပါတီမူဝါဒလမ်းစဉ်ကို ချမှတ်အခြေပြုတည်ဆောက်မည်။ 

၂။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းသည် ပါတီ၏ ပင်မအခြေခံအုတ်မြစ်ဖြစ်၍ ပါတီဖွဲ့စည်းပုံစည်းမျဉ်းပါ သတ်မှတ်ချက်များနှင့်အညီ ပါတီအား စနစ်တကျ ခိုင်မာသောအဖွဲ့အစည်းအဖြစ် တည်ဆောက်မည်။

၃။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအထက်တွင် မည်သူမျှမရှိရဟူသော မူဝါဒအား တိကျခိုင်မာစွာ သတ်မှတ်သည်။

၄။ အရည်အချင်းပြည့်ဝ၍ စွမ်းဆောင်ရည်ထက်မြတ် ကောင်းမွန်သော ပါတီခေါင်းဆောင်အစုအဖွဲ့ကို မှန်ကန်စွာ ရွေးချယ်နိုင်ရန်၊ ပါတီ၏ ခေါင်းဆောင်မှုနှင့် စည်းရုံးရေးအားကောင်းမှသာ ပါတီသည် ပြည်သူလူထုကို စနစ်တကျ မျက်နှာမူနိုင်သော ပြည်သူလူထုအခြေပြုပါတီဖြစ်လာပြီး ပြည်သူလူထု၏ ကိုယ်စားပြုမှုကို မြင့်မြင့်မားမား ရရှိရန် ဖြစ်သည်။

၅။ ပုဂ္ဂိုလ်အခြေပြု နိုင်ငံရေးအား ဦးမတည်ဘဲ ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ မူဝါဒ၊ လမ်းစဉ်အခြေခံသော အဖွဲ့အစည်း အခြေပြုနိုင်ငံရေးကို ဦးတည်ဆောင်ရွက်မည်။

ဆိုတဲ့ အချက်များအပါအဝင် အခြေခံမူ(၉)ချက်ကို တွေ့ရှိရပါတယ်။ 

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) ရဲ့ ဆောင်ပုဒ် ကတော့ "တစ်ခုတည်းသောအမြင်၊ တစ်ခုတည်းသောသွင်ပြင်လက္ခဏာ၊ တစ်ခုတည်းသော မြန်မာ" လို့ တွေ့ရှိရပါတယ်။ 

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်။

ပါတီမှ ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။

နိုင်ငံတော်၊ နိုင်ငံသားတို့၏ အကျိုးအတွက် မိမိအကျိုးကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။

ဆိုတဲ့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) ရဲ့ အဓိဋ္ဌာန်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ် ထွက်ပေါ်လာပြီး သတ်မှတ်ကာလအတွင်းမှာ ဆက်လက်ရပ်တည်ခွင့် လျှောက်ထားပြီး ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက်အလက်တွေကတော့ MPD စတင်မှတ်ပုံတင်စဉ်က ပါတီဖွဲ့စည်းပုံစည်းမျဉ်းပါ အခြေခံမူတွေပဲ ဖြစ်ပါတယ်။

လူထုကြားမှာ ရေပန်းစားမှုနည်းသေးပေမယ့် လာမယ့်ရွေးကောက်ပွဲအခင်းအကျင်းအတွက် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) အနေနဲ့ ဘယ်လို ကြိုးပမ်းအားထုတ်မှုတွေ မြင်တွေ့ရမလဲဆိုတာကိုပဲ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။


#MyanmarNationalPost


(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment