(ရိုဟင်ဂျာဆိုတာ မရှိဘူး၊ ရိုဟင်ဂျာဆိုတာကို ကျွန်တော်တို့ လက်လည်းလက်မခံဘူး ဟု Phoenix ရုပ်သံမီဒီယာနှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြေကြားခဲ့ဖူးသည်)
MNP ၊ မတ် ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုး ဦးဆောင်သောအဖွဲ့ဝင် ၁၇ ဦးပါ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မြို့သို့ မတ် ၁၅ ရက်မှ ၂၂ ရက်အထိ သွားရောက်ခဲ့ပြီး နေရပ်စွန့်ခွာသူများ၏ မိသားစုဝင်များဟုဆိုသူများကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
ရှေ့ပြေးစမ်းသပ်စီမံကိန်းဖြင့် ပြန်လည်လက်ခံ ရန်လျာထားသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအနေဖြင့် မိသားစုလိုက် ပြန်လည်ဝင်ရောက်လိုကြောင်း မေတ္တာရပ်ခံလာသည့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကျန်ရှိသည့် မိသားစုဝင်များကို စိစစ်နိုင်ရေးအတွက် မြန်မာဘက်က မျက်မြင်စစ်ဆေးရေးအဖွဲ့ကို ယခုကဲ့သို့ စေလွှတ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် နေရပ်စွန့်ခွာသူများ၏ ဆက်စပ်မိသားစုဝင်ဟုဆိုသူ ၄၈၀ ကျော်ကို တက္ကနာ့ဖ်မြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထပ်မံမွေးဖွားသည့် ကလေးများ၏ အချက်အလက်များကို မေးမြန်းရယူခဲ့ကာ မြန်မာဘက်ရှိ သက်ဆိုင်ရာကော်မတီများထံတင်ပြ၍ လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘင်္ဂါလီများနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာမှ တွေ့ဆုံမေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "ပြောရရင် ရိုဟင်ဂျာဆိုတာ မရှိဘူး။ စိတ်ကူးယဉ်ပြီး ပြောတဲ့နာမည်တစ်ခုပဲ။ တကယ်တော့ အရှေ့ဘင်္ဂလားနယ်ရဲ့ စစ်တကောင်း ဒေသကလာတဲ့သူတွေကို သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောနေကြတာဖြစ်တယ်။ ဘယ်ခေတ်အဆက်ဆက်မှ ရိုဟင်ဂျာလို့ မခေါ်ခဲ့ဘူး။ ကျွန်တော်တို့က အင်္ဂလိပ်ရဲ့ ကိုလိုနီလက်အောက် ရောက်ခဲ့ပါတယ်။ အင်္ဂလိပ် အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတယ်။ အဲဒီတော့ အင်္ဂလိပ်တွေခေတ်က သန်းခေါင်စာရင်းကောက်တယ်။ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ် ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာ ဘင်္ဂါလီဆိုတဲ့စကား၊ စစ်တကောင်းသားဆိုတဲ့ စကားတွေပဲတွေ့တယ်။ ရိုဟင်ဂျာလို့ မတွေ့ဘူး။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ကောက်ခဲ့တဲ့စာရင်းမှ ဘင်္ဂါလီဆိုတဲ့ စကားရယ်၊ ပါကစ္စတန်ဆိုတဲ့ စကားရယ်၊ နောက်တစ်ခါ စစ်တကောင်းသား ဆိုတဲ့စကားပဲ ကျွန်တော်တို့တွေ့တယ်။ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ရိုဟင်ဂျာဆိုတာကို ကျွန်တော်တို့ လက်လည်းလက်မခံဘူး။ မြန်မာနိုင်ငံရဲ့တိုင်းရင်းသား တရားဝင် လက်ခံထားတာ ၁၃၅ မျိုးရှိပါတယ်။ သို့သော်လည်း ဒါကတော့ နည်းနည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာ မပါပါဘူး။ ဘင်္ဂါလီလည်း မပါပါဘူး။ တရားဝင် တိုင်းရင်းသားလည်း မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ စိတ်ကူးနဲ့ခေါ်ထားတဲ့ နာမည်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ဒါကို အသိအမှတ်မပြုပါဘူး။ သူတို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေတဲ့သူတွေက သူတို့ဘာသာ သူတို့နေတယ်။ နှစ်ပေါင်းများစွာလည်း ရှိနေပြီး ဘာမှပြဿနာ မရှိဘူး။ အဲဒီဒေသမှာ ရှိတဲ့ ရခိုင်တွေလည်း ဘင်္ဂါလီတွေနဲ့ အတူတူနေကြတယ်။ ဘာမှ ပြဿနာမရှိဘူး။ ဘင်္ဂါလီမှာလည်း နှစ်ပိုင်းရှိတယ်။ ဘင်္ဂါလီ/ ဟိန္ဒူ၊ ဘင်္ဂါလီ/အစ္စလမ် ဆိုပြီး နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့မေးခဲ့ပြီး ဒီအရာတွေ ရှိတာကို တွေ့ခဲ့ပြီးပြီ။ ဒီလူတွေနဲ့နေကြတဲ့ ဒေသခံ တိုင်းရင်းသားတွေနဲ့အတူတူနေကြတာ ဘာမှပြဿနာမရှိပါဘူး။ ဒီအတိုင်းပဲ နေကြပါတယ်။ လှုံ့ဆော်လို့ ဖြစ်လာတဲ့ ပြဿနာတွေကြောင့်သာ ဒေသမှာ ပဋိပက္ခတွေဖြစ်လာတာ။ နောက်တစ်ခုက နဂိုမူလကတည်းက ရောက်နေတဲ့သူတွေရှိတယ်။ သူတို့က စူးအက်တူးမြောင်း လုပ်တဲ့အချိန်မှာ ဆန်စပါးဈေးတွေကောင်းလာတဲ့အခါ အရှေ့ဘင်္ဂလားမှာရှိတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကို ခေါ်ပြီးတော့ အင်္ဂလိပ်တွေက လယ်စိုက်ခိုင်းတယ်။ အဲဒီ အချိန်ကတည်းက မပြန်တော့ဘဲ သူတို့တွေက ကျန်ခဲ့တဲ့အတွက် အခုလို အခြေအနေဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ များလာတဲ့ လူတွေဖြစ်တယ်။ ဒီလူတွေရှိနေတဲ့ အခြေအနေမှာလည်း အရင်ကတော့ ပဋိပက္ခတော့ ဖြစ်ခဲ့ဖူးတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ပဋိပက္ခတွေ မရှိဘဲ အေးအေးချမ်းချမ်းပဲ နေကြတယ်။ အထိုက်အလျောက် ပဋိပက္ခတွေရှိတယ်။ သို့သော်လည်း တကယ်ကို ပြင်းပြင်းထန်ထန်နဲ့ ဖြစ်တဲ့ပြဿနာမရှိဘူး။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုပဲရှိတယ်။ ၁၉၄၂ ခုနှစ်က အလယ်သံကျော် အရေးအခင်းဆိုတာ ဖြစ်ခဲ့တယ်။ ၁၉၄၂ ခုနှစ်အဖြစ်အပျက်က တော်တော်လေးဆိုးပါတယ်။ ဒီနောက်ပိုင်းမှာ အဲဒီလောက်ဆိုးတဲ့ ဖြစ်စဉ်မျိုး မရှိခဲ့ပါဘူး။ ဒီလူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ သူတို့တင် မဟုတ်ဘဲ အိမ်နီးနားချင်း ၅ နိုင်ငံရှိတယ်။ အင်္ဂလိပ်ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံမှာ အကြောင်း အမျိုးမျိုးနဲ့ရောက်နေတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိတယ်။ အဲဒီအတွက် ရည်ရွယ်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေရေးခဲ့တာ ရှိတယ်။ မြန်မာနိုင်ငံသား ဥပဒေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး အကျုံးဝင်တဲ့သူတွေကို သူ့စည်းကမ်းနဲ့အညီ ပြန်လက်ခံဖို့ လုပ်ထားတာရှိတယ်။ ကျွန်တော်တို့ သဘောတူပါတယ်။ လက်မခံစရာ အကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အတူနေခဲ့ပြီး ကိုက်ညီရင် ပြန်လက်ခံဖို့ လုပ်နေတာရှိတယ်။ ဒါလည်း သဘောတူလို့ ဆွေးနွေးနေတာရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေတာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ လက်မခံစရာအကြောင်းမရှိဘူးလို့ ကျွန်တော်ပြောလိုပါတယ်။ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံမှ သူတို့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ကျော်လွန်ပြီးတော့ မလုပ်ကြဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။" ဟု ဖြေကြားခဲ့ဖူးသည်။
#MyanmarNationalPost

No comments:
Post a Comment