MNP ၊ မတ် ၂၅
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအသစ်ပြဋ္ဌာန်းပြီး ၂လတာ ကာလအတွင်း မှတ်ပုံတင်သည့် နိုင်ငံရေးပါတီ ၅၂ ပါတီ ရှိနေပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၄၀ ပါတီဖြစ်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ယမန်နေ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော အောက်ဖော်ပြ ပါ နိုင်ငံရေးပါတီများသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့လာရောက်လျှောက်ထားခဲ့သည် -
( ၁ ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ( ၂ ) နာဂအမျိုးသားပါတီ [Naga National Party (NNP)]၊ ( ၃ ) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR) PARTY ၊ ( ၄ ) “ဝ”အမျိုးသားပါတီ (WA NATIONAL PARTY)၊ ( ၅ ) ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP)၊ ( ၆ ) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY၊ ( ၇ ) ပြည်သူ့ပါတီ (People’s Party)၊ ( ၈ ) မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ ( ၉ ) အမျိုးသမီးပါတီ (မွန်)၊ (၁၀) မြိုတိုင်းရင်းသားပါတီ၊ (၁၁) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party)၊ (၁၂) ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party)
၂၄-၃-၂၀၂၃ ရက်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၈ ပါတီ ရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၄၄ ပါတီဖြစ်၍ စုစုပေါင်း ၅၂ ပါတီ ဖြစ်သည်။ ယင်း ၅၂ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၄၀ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ(၂၀၁၀) အရ တည်ထောင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေအသစ် ထွက်ပေါ်လာပြီးနောက် ဆက်လက်ရပ်တည်မည်ဆိုပါက ပုဒ်မ(၂၅) အရ ရက်ပေါင်း(၆၀) အတွင်း ပြန်လည်တင်ပြရမည်ဖြစ်ပြီး တင်ပြခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ နိုင်ငံရေးပါတီဟောင်းများအနေဖြင့် ဆက်လက်ရပ်တည်မည်ဆိုပါက ၂၈-၃-၂၀၂၃ ရက်နေ့ တစ်ရက်တည်းသာ တင်ပြရန် ကျန်ရှိတော့သည်။
#MyanmarNationalPost

No comments:
Post a Comment