MNP ၊ မတ် ၂၄
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း ပါဝင်သည့် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ (ဒုတိယအဆင့်) အုပ်စုမဲခွဲပွဲကို ယမန်နေ့ (မတ် ၂၃) နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာလက်ရွေးစင်အမျိုးသမီ ယူ-၂၀ အသင်းသည် အုပ်စု(ခ)တွင် တရုတ်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ထားကြသည့် တရုတ်၊ ဩစတြေးလျ၊ ဗီယက်နမ်၊ မြန်မာ၊ အီရန်၊ နီပေါ၊ တရုတ် (တိုင်ပေ)၊ လက်ဘနွန် အမျိုးသမီး ယူ-၂၀ အသင်းများကို အုပ်စုနှစ်ခု ခွဲဝေခဲ့ရာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် အုပ်စု (ခ)တွင် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ) အသင်းတို့နှင့်အတူ ကျရောက်နေသည်။
အုပ်စု (က)တွင် ဩစတြေးလျ၊ ဗီယက်နမ်၊ အီရန်၊ လက်ဘနွန်တို့ ကျရောက်နေပြီး ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပရန် စီစဉ်ထားသည်။
ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
#MyanmarNationalPost

No comments:
Post a Comment