ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ



MNP ၊ မတ် ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့က ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့သည် ဦးစီးဌာနအသစ်မှ ဝန်ထမ်းများ လူစုံတက်စုံ တာဝန်ထမ်းဆောင်သည့်နေ့ဖြစ်၍ မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဌာနအသစ်မှ ဝန်ထမ်းအသစ်များအနေဖြင့် အရေးပါသည့်တာဝန်ကို ထမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းတို့မှ အရည်အချင်းရှိသောဝန်ထမ်းများကို ထုတ်နုတ်၍ စုစည်း၊ ဖွဲ့စည်းထားခြင်းဖြစ်ရာ ပေါင်းစည်း၊ ဆက်စပ်ပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်း ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ယခုစတင်စုစည်း၊ ဖွဲ့စည်းချိန်တွင် ဌာနဖွဲ့စည်းပုံအတိုင်း ပြည့်ပြည့်ဝဝ အင်အားဖြည့်တင်းနိုင်ခြင်းမရှိသေးဘဲ ကျစ်ကျစ်လျစ်လျစ်ဖြင့် ဦးစွာ ဖွဲ့စည်းပေးထားခြင်းဖြစ်ပါကြောင်း။


ဦးစီးဌာနအနေဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဌာနခွဲ၊ စီမံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲဟူသည့် ဌာနခွဲသုံးခုဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရပါကြောင်း။


မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာသမားများအား ကျင့်ဝတ်နှင့်အညီဖြစ်စေရန် လုပ်ဆောင် ပေးနေမှုများအား ထောက်ပံ့ကူညီပေးခြင်း၊ မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရင်း နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့် ပိုမိုရရှိနိုင်ရေးလုပ်ဆောင်ပေးခြင်း၊ နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်းများ ဂုဏ်သိက္ခာရှိစွာဖြင့် နိုင်ငံနှင့်ပြည်သူကို ကိုယ်စားပြု၍ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိကမီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။


#MyanmarNationalPost




No comments:

Post a Comment