MNP ၊ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မဈေးကြီးအတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့် ပျော်ဘွယ်၊ တောင်တွင်းကြီးဒေသမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် ဆောင်းခရမ်းချဉ်များကို ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာလတွင် စိုက်ပျိုးခဲ့ရာ ရွာမွန်အုပ်စု၊ တောင်ထောင့်အုပ်စု၊ ဝါပန်အုပ်စုတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ နတ်မောက်ရေလှောင်တမံမှ မြို့သစ်မြို့နယ်သို့ ရေပေးဝေရာတွင် ယင်းချောင်းကို အသုံးပြုရေလွှတ်ခြင်းကြောင့် ယင်းချောင်းထဲရှိ သဲတောင်ပြင်သည် ဆည်ရေစီးဆင်းသည့် အစိုဓာတ်ဖြင့် သဲတောင်ပြင်တွင် နတ်မောက်မြို့နယ် ကြက်လျှာကျေးရွာ၊ ဈေးသာကျေးရွာ၊ န/လက်ခုပ်ပင်ရွာ၊ ကြူအိုင်ရွာတို့မှ ဆောင်းခရမ်းချဉ်များ စိုက်ပျိုးခဲ့ကြကြောင်း၊ ယခုအခါ ခရမ်းချဉ်သီးများ စတင်ထွက်ရှိ၍ ကျေးရွာအရောက် သုံးဘီးများ၊ ၁၂ ဘီးယာဉ်များဖြင့် ခရမ်းချဉ်သီးများ သယ်ယူကာ နတ်မောက်မြို့မဈေးသို့ ရောင်းချလျက်ရှိကြောင်း တောင်သူ ကိုအေးလွင်က ပြောသည်။ ခရမ်းချဉ်သီးများကို နတ်မောက်မြို့ဈေးကွက်အပြင် ပြည်မြို့အထိ သွားရောက်ရောင်းချနေကြကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀)ဈေးနှုန်းရှိနေသဖြင့် တောင်သူများ နွေရာသီအတွင်း ဝင်ငွေများရရှိနေကြောင်း ခရမ်းချဉ်သီးရောင်းချသူ မစန်းထံက သိရသည်။
မူမူစန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment