(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်-ဈေးမသွယ်-တောင်ကလေးလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်-ဈေးမသွယ်-တောင်ကလေးလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်





MNP ၊ မတ်  ၁၈

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (ဖြည့်စွက်)ခွင့်ပြုရန်ပုံငွေဖြင့် ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော လှာကမြင်-ဈေးမသွယ်-တောင်ကလေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က လှာကမြင်ကျေးရွာ အုပ်စု ဈေးမသွယ်ကျေးရွာရှိ အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။


ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် လမ်းသည် တောင်ကလေး-စံပနုံ-တောင်ဝိုင်းလမ်းနှင့် မဲဘောင်-နောင်ပလိန်လမ်းတို့အား အဓိက ဆက်သွယ်ထားသည့်လမ်း တစ်လမ်းဖြစ်ပြီး မဲဘောင်-နောင်ပလိန်လမ်းမှတစ်ဆင့် ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးကို လည်းကောင်း၊ တောင်ကလေး-စံပနုံ-တောင်ဝိုင်းလမ်းမှ တစ်ဆင့် ဘားအံ-လှိုင်းဘွဲလမ်းမကြီးကိုလည်းကောင်း ရောက်ရှိနိုင်မည် ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးသွင်းကုန်ထုတ်ကုန်များကို အလွယ်တကူ သယ်ယူတင်ပို့နိုင်မည် ဖြစ်သည့်အပြင် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်များ အတွက် ကျေးလက်လမ်းကွန်ယက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ဘုရားဖူးခရီးသွားဧည့်သည်များ အတွက်လည်း ကရင်ပြည်နယ်၏ အထင်ကရနေရာများဖြစ်သည့် သာမညတောင်၊ ဣစ္ဆာသယ သဘာဝလိုဏ်ဂူတော်၊ တောင်ဝိုင်းတောင်၊ ဗုဒ္ဓဂါယာနှင့်တောင်ကလေးသို့ အချိန်တိုအတွင်း လည်ပတ်သွားလာ ဖူးမြော်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေကာ ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း  ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှာကမြင်-ဈေးမသွယ်-တောင်ကလေးလမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။


လှာကမြင်-ဈေးမသွယ်-တောင်ကလေးလမ်း ကွန်ကရစ်လမ်းသစ်သည် မူလမြေသားလမ်းအရှည် (၁)မိုင် (၆ ဒဿမ ၂၅)ဖာလုံရှိပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေ ၁၉၉ ဒဿမ ၆၈ သန်းဖြင့် အကျယ် ၁၄ ပေ ရှိ ကွန်ကရစ်လမ်း(၅)ဖာလုံကို ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာ ၁၃ ရွာကို အကျိုးပြု စေမည်ဖြစ်ကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်းတစ်မိုင်အား ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment