MNP ၊ မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်း လိုအပ်ချက်များကို ကဏ္ဍအလိုက်အသီးသီးပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စများ၊ ဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးအောင်မင်းက လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်းကိုလည်းကောင်း၊ ဆိုင်ကယ်အိတ်ဇောများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက ၎င်းတို့တာဝန်ကျ ကျေးရွာများတွင် လိုအပ်လျက်ရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာများနှင့် လစဉ် (၁၅) ရက်နေ့တွင်တစ်ကြိမ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းနှင့် တစ်ကြိမ်၊ တစ်လလျှင်(၂)ကြိမ်၊ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment