MNP ၊ မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေသီးနှံမျိုးစုံ ပျိုးထောင်စိုက်ပျိုးနိုင်ရေး ဆည်ရေများပေးဝေလျက်ရှိကြောင်းသိရှိရပြီး နွေစပါးများ စတင်ပျိုးထောင်စိုက်ပျိုးလျက်ရှိရာ နွေးစပါး(၄၁၁)ဧက စိုက်ပျိုးပြီးဖြစ် ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးများကို ဇော်ဂျီဆည်မှ စိုက်ပျိုးရေဖြင့် ရေပေးဝေသည့် မင်းရဲမြောင်းမှကြက်မင်းတွန်၊ ဖောင်ရွာ၊ အင်တိုင်း၊ သင်တောင်း၊ တောင်နောက်၊ ငှက္ကတောင်၊ ထန်းဇင် တော်၊ အရှေ့ငယ်တိုး၊ ကျေးရွာအုပ်စုများနှင့် သင်းတွဲမြောင်းမှ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည်၊ ကျေးရွာ အုပ်စုများ၊ တမုတ်မြောင်းမှ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ ဇရပ်ဖြူ၊ မြောင်းဦး၊ ပွတ္တိုင်၊ သင်ပုတ်၊ ငါးအိုး၊ ရွာနန်း၊ ညောင်ရွေ၊ ညောင်ဝန်း၊ အနောက်ငယ်တိုး၊ ကျေးရွာအုပ်စုများတွင် အဓိထားစိုက်ပျိုးလျက်ရှိကြောင်းနှင့် ပျိုးထောင်စိုက် (၄၀၀)ဧကနှင့် တိုက်ရိုက်အစေ့ချစိုက် (၁၁)ဧက စုစုပေါင်း (၄၁၁) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် စပါးသီးနှံများ စိုက်ပျိုးရာတွင် မနောသုခ၊ ရွှေမနော်နှင့် GW-11 စပါးမျိုးများ စိုက်ပျိုးကြပြီး စပါးသီးနှံများ အောင်မြင်သည်အထိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment