သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့ရိုးရာအ‌ခြေခံ ခြင်းလုံးသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့ရိုးရာအ‌ခြေခံ ခြင်းလုံးသင်တန်း ဖွင့်လှစ်





MNP ၊ မတ်  ၁၀

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီ မြန်မာ့ရိုးရာ အခြေခံ ခြင်းလုံးသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာအသုံးချပြီး အားကစားဖြင့် ကာယဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေး အမှာစကားပြောကြားသည်။


ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဒေါ်မိုးမိုးဝင်းက သထုံခရိုင်အတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးရေး နွေရာသီအားစားသင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းကရိုးရာ ခြင်းပညာရပ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများနှင့် အခြေခံအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်ဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်စေရေး ဆွေးနွေးပြောကြားသည်။


အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ လူငယ် (၁၀)ဦးတို့တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံမြန်မာ့ ခြင်းလုံးပညာများဖြစ်သည့် ရှေ့ခြေဖျား၊ ရှေ့ခြေခွင်၊ ရှေ့ဒူး၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဘေးဖမျက် အခြေခံအထိ ခြောက်ချက်တို့ကို စနစ်တကျ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကာ မတ်လ(၉)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment