စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် KNPP/KNDF အကြမ်းဖက်သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် KNPP/KNDF အကြမ်းဖက်သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

 


MNP ၊ မတ် ၁၄

မီဒီယာအချို့မှာ ပင်လောင်းမြို့နယ်၊ နမ့်နှိမ်ရွာ ဘုန်းကြီးကျောင်းမှာ ကယားPDF လို့ စွပ်စွဲပြီးတော့ တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က "ပအိုဝ်းဒေသသည် ငြိမ်းချမ်းနေတဲ့ ဒေသဖြစ်တဲ့အတွက် တောင်ဘက်မှာ ရှိတဲ့ KNPP/PDF အဖွဲ့တွေ အနေနဲ့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ ပြီးရင် အစိုးရနဲ့ တပ်မတော် အပေါ် ပအိုဝ်းပြည်သူတွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်ခဲ့သူက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲ ဖြစ်တယ်လို့ ပြောချင်တယ်။" ဟု ယမန်နေ့က ရှင်းလင်းပြောဆိုထားသည်။

ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒီကျွန်တော်တို့ ပင်လောင်းဒေသဆိုတာက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တယ်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက တည်ငြိမ်အေးချမ်းမှုရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ယခင် တပ်မတော်အနေနဲ့ရော၊ အစိုးရအနေနဲ့ရော ပအိုဝ်းဒေသမှာ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေတာ ရှိတယ်။ သူနဲ့ နီးစပ်နေတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ မငြိမ်မသက်ဖြစ်နေပေမယ့် ပင်လောင်းဒေသမှာ တည်ငြိမ်အေးချမ်းပြီးတော့ ပအိုဝ်းဒေသပေါ့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးမှုရှိနေတာ အမှန်ပါပဲ။ ဒါကတော့ ပအိုဝ်းဒေသမှာ နယ်မြေခံ ပြည်သူ့စစ်တွေ၊ PNO အဖွဲ့အစည်းတွေနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။ ဒီ မတ်လဆန်းလောက်မှာ ကျွန်တော်တို့ တောင်ဘက်မှာ ရှိတဲ့ KNDF/ KNPP အကြမ်းဖက်အဖွဲ့တွေက ပအိုဝ်းဒေသဘက်ကို နှောက်ယှက်ဖျက်ဆီး တိုက်ခိုက်လာတာတွေ့ရပါတယ်။" ဟု ပြောသည်။

KNDP/KNPP အကြမ်းဖက်သောင်းကျန်းသူများက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ လုပ်ဆောင်ခဲ့မှုအပေါ် "ဒီဖြစ်စဉ်မှာလည်း မတ်လ (၁၁) ရက်နေ့က ဖြစ်ခဲ့တယ်။ ဒါ ပင်လောင်းမြို့နယ် နမ့်နှိမ်ရွာပေါ့။ အဲဒီနေရာမှာ KNPP/ KNDF အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လာပြီးတော့ ရွာကိုခြိမ်းခြောက်တာတွေ၊ နယ်မြေဒေသကို ခြိမ်းခြောက်တာတွေ ရှိလာတယ်။ တပ်မတော်အနေနဲ့လည်း ဒေသခံပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ မတ်လ ၁၁ရက်နေ့ ၉ နာရီမှာ ရွာနားလေး ရောက်တဲ့အခါမှာ KNDF/PDF/KNPP အကြမ်းဖက်အဖွဲ့တွေက တပ်မတော်စစ်ကြောင်း၊ နယ်မြေခံ ပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ချောင်းမြောင်းပစ်ခတ်ခဲ့တာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ ဒီအဖွဲ့တွေ အနေနဲ့က တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်းရွာဖြစ်တဲ့ နမ်နိမ်ကျေးရွာထဲကို ဝင်တယ်။ ဝင်ပြီးတော့ ပစ်ခတ်ခဲ့တာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့တွေကို တိုက်ခိုက်ခဲ့ရတာမျိုး ရှိတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ အလောင်း၊ လက်နက်တချို့ ရရှိခဲ့တာ ရှိတယ်။ ဒါ KNDF/ KNPP အကြမ်းဖက်သောင်းကျန်းသူ ဘက်ကနေ ရရှိခဲ့တာ ရှိတယ်။ ပြီးရင်ကျွန်တော်တို့ညနေပိုင်းပေါ့ (၃ ၀၀)နာရီလောက်မှာလည်း ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။" ဟု ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဖြစ်စဉ်တစ်ခုလုံးကို ပြောရမယ်ဆိုရင်တော့ ပအိုဝ်းဒေသရဲ့ ငြိမ်းချမ်းနေမှု၊ ဖွံ့ဖြိုးနေမှုကို ဖျက်ဆီးလိုတဲ့အတွက်ကြောင့် လာရောက်ဆောင်ရွက်တာ ဖြစ်တယ်။ ဒီ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ ပြီရင်လည်း တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်းဒေသခံတွေ၊ ပြည်သူစစ်တွေနဲ့ တပ်မတော်ကြားထဲကို ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ဆောင်တာမျိုးဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့က KNPP/KNDF/PDF အဖွဲ့တွေကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်တယ်။ ဒီနေရာမှာ ရွာသူ/ရွာသားတွေ သေတယ်ဆိုပြီးတော့ သတင်းအမှား ဖြန့်တယ်။ ပြီးရင် သူတို့ရွာထဲဝင်သွားပြီးတော့ဗျာ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာသူ/ရွာသားတချို့လည်း သေဆုံးတယ်၊ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ ဟာမျိုးလည်း တွေ့ရတယ်။ ထွက်ပြေးရတဲ့ ဟာမျိုးတွေလည်း ရှိတယ်။ ကျွန်တော် ပြောလိုတာကတော့ ပအိုဝ်းဒေသသည် ငြိမ်းချမ်းနေတဲ့ ဒေသဖြစ်တဲ့အတွက် တောင်ဘက်မှာ ရှိတဲ့ KNPP/PDF အဖွဲ့တွေ အနေနဲ့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ ပြီးရင် အစိုးရနဲ့ တပ်မတော် အပေါ် ပအိုဝ်းပြည်သူတွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်ခဲ့သူက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲ ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပအိုဝ်းပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ခဲ့တဲ့ KNPP/KNDF အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက် ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။" ဟု ပြည်ဖျက်မီဒီယာများ၏ ရေးသားဖော်ပြမှုများအပေါ် ရှင်းလင်းပြောဆိုထားသည်။

ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရအပေါ် ဒေသခံ ပအိုဝ်းပြည်သူများအနေဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားဖော်ပြမှုများကို BBC, VOA, RFA, Myanmar Now အစရှိသော တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အစဉ်သဖြင့် လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများ ပြုလုပ်နေသည့် သတင်းဌာနများမှ ရေးသားဖော်ပြခဲ့ကြခြင်း ဖြစ်သည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)