MNP ၊ ဧပြီ ၂၈
ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်မည့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ အခမ်းအနားသို့ ကြွရောက်တော် မူကြမည့် တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော် အပါး(၂၅၅)ပါးအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မေတ္တာပုညကာရီဓမ္မာရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံပေးခြင်းအပြင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ဆရာတော် သံဃာတော်များအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှု ကူညီရေး ပရဟိတ အသင်းဝင်များနှင့် ဥပါသကာအဖွဲ့ဝင်များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ လက်ကို စနစ် တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည် များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment