အတူမအိပ်ခင်ကတည်းက တွေးရမှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အတူမအိပ်ခင်ကတည်းက တွေးရမှာ



ပြဇာတ်တစ်ပုဒ်လိုပါပဲ။ အညတရ အနုပညာရှင်လေး မေခ တဲ့။ (နာမည်လွှဲ)။ သူ့အလုပ်က ဘားတွေမှာ ဖျော်ဖြေတယ်။ စင်တင်စားသောက်ဆိုင်တွေမှာ ဖျော်ဖြေတယ်။ သူက တယောလည်း တီးနိုင်သလို အဆိုလည်း ကောင်းတယ်။ ဘားတွေ၊ စင်တင်တွေဆိုတာက လူဂုဏ်တန်လို့ သတ်မှတ်ထားတဲ့ လူရမ်းတွေ လာတဲ့နေရာမဟုတ်လား။ တဏှာခိုးတွေဝေပြီး လိမ်လည်လှည့်ဖျားဖို့ ဝန်မလေးတဲ့ သူတွေလည်း ပါတာပေါ့။

မေခ ရဲ့ သီဆိုဖျော်ဖြေမှုကို မျက်စိကျသွားတဲ့ လူဂုဏ်တန်အသိုင်းအဝိုင်းထဲက ပုဂ္ဂိုလ်တစ်ဦးက မေခနဲ့ နီးစပ်အောင် ဖန်တီးလာပါတော့တယ်။ မေခ အနေနဲ့ကလည်း ဧည့်ခံဖျော်ဖြေသူတစ်ယောက်ဖြစ်လေတော့ ကိုယ့်ဧည့်သည်ကို ဧည့်ဝတ်ပြုရင်းက နီးစပ်လာကြတယ်။ လူဂုဏ်တန်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်က သူ့မှာ ဇနီးရှိတာကို ကွယ်ဝှက်ပြီး လူပျိုစကားပြောလာတော့တယ်။ သံသယဖြစ်စရာ အခြေအနေမျိုး မမြင်မတွေ့ရတဲ့အတွက် မေခ ကလည်း လက်ခံလိုက်တယ်။

ဒီလိုကိစ္စတွေမှာ လူဂုဏ်တန်ဘက်ကဆိုရင် မိန်းခလေး ကို ပိုင်းလုံးမ လို့ ပြောမှာပေါ့။ ဒီပြဇာတ်မှာတော့ မေခအနေနဲ့ က သူ့အပေါ် လူဂုဏ်တန်အသိုင်းအဝိုင်းက မောင်မင်းကြီးသား စိတ်ညွှတ်လာအောင် ဖန်တီးခဲ့တာ မရှိပါဘူး။ သူတတ်ကျွမ်းတဲ့ အဆို အတီး ပညာနဲ့ သူ့မိသားစုအတွက် တစ်ထောင့်တစ်နေရာက ကူညီထောက်ပံ့ပေးနေခြင်းသာ ဖြစ်ပါတယ်။

မောင်မင်းကြီးသား ချစ်ရေးဆိုတဲ့အချိန်ကစပြီး ချစ်သူ သက်တမ်းတလျှောက်မှာလည်း သူ့အတွက် ဘာဝယ်ပေးပါ၊ ဟိုဟာလိုချင်ပါတယ် ခြူတာမျိုး မရှိဘဲနဲ့ ရိုးရိုးသားသား လက်တွဲခဲ့ပါတယ်။ လူဂုဏ်တန်အသိုင်းအဝိုင်း က မောင်မင်းကြီးသားက လက်ထပ်ရယူမယ်လို့ ဆိုလာတဲ့အချိန်မှာတောင် စဉ်းစားဖို့ ပြောခဲ့ပါသေးတယ်။

မောင်မင်းကြီးသားကလည်း ဟန်ဆောင်လိမ်ညာမှုကောင်းတယ်။ အတည်တကျ လက်ထပ်ပေါင်းသင်းမယ်ဆိုတဲ့ စကားလုံးတွေကြောင့် မေခတစ်ယောက် သူယုတ်မာရဲ့ ထောင်ချောက်ထဲကို ရောက်မှန်း မသိ ရောက်သွားခဲ့ပါတယ်။ လက်ထပ်ရခြင်း မပြုသေးမှီမှာပဲ ဘာသာဘာဝ မှားယွင်းမိလိုက်တယ်။ သူယုတ်မာကတော့ မေခရဲ့ ရုပ်အဆင်းပေါ်မှာ သာယာမှု ရှာချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ မေခ ကတော့ ယုံကြည်မှုတွေ ဘဝကို အလဲအထပ် လုပ်လိုက်ရတာတော့တာပေါ့။

ယောက်ျား နဲ့ မိန်းမ ကိစ္စဟာ တခဏလေးပါပဲ။ တခလေးကိစ္စကို ပြီးစလွယ်တွေးရင် နောက်ဆက်တွဲ ဒုက္ခတွေ များတတ်ပါတယ်။ လူတွေ ဖြစ်တဲ့အတွက် ပြီးစလွယ် လုပ်လို့ မရပါဘူး။ တိရစ္ဆာန်တွေဆိုရင်တော့ ပြီးစလွယ် လုပ်လို့ရပါတယ်။ တိရစ္ဆာန်တွေမှာ အထီးများဟာ သားစပ်တဲ့အခိုက်အတန့်ပဲ လိုအပ်ပြီး အမတွေ က ကိုယ့်သားသမီးကို နို့ချိုတိုက်ကျွေးပြီး အရွယ်ရောက်တဲ့အထိ စောင့်ရှောက်ကြတာကို မြင်ဖူးကြမှာပါ။ တချို့သော ယောက်ျားများကတော့ တိရစ္ဆာန်အထီးများလို သားစပ်ချိန်ခဏတာလေးကိုပဲ တွေးပြီး နောက်ပိုင်းတာဝန်ကို မယူလိုကြပါဘူး။ 

လူ့လောကမှာ တခဏတာ ကိစ္စကို ပြီးစလွယ်လုပ်ကြလို့ မိဘမဲ့ ဂေဟာတွေမှာ ကလေးငယ်တွေ များပြားနေတာကိုလည်း သတိပြုမိကြပါလိမ့်မယ်။ လူ့လောကကို ကောင်းစေချင်တယ်ဆိုရင် အဲဒီလို ပြီးစလွယ်လုပ်လို့ မရပါဘူး။ လူတွေ ဖြစ်တဲ့အတွက် တာဝန်ယူမှု ရှိရပါတယ်။

ဇာတ်လမ်းကို ပြန်ဆက်ရရင် အနုပညာရှင် မေခနဲ့ မောင်မင်းကြီးသား ဟာ မှားခဲ့ပြီးဖြစ်လို့ မေခမှာ ကိုယ်လေးလက်ဝန် ဖြစ်လာပါတယ်။ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလာတော့ မေခ က လက်ထက်ဖို့ ပြောပါတယ်။ အဲဒီအချိန်က စပြီး လူဂုဏ်တန်အသိုင်းအဝိုင်း က လူလိမ်လူကောက် ဟာ အမူအရာတွေ ပျက်နေပါပြီ။ ဒါကိုလည်း မေခ ရိပ်စားမိပါတယ်။ သို့ပေသော် သူ့အမှား က ပြန်ပြင်လို့ မရတော့ဘူး။

အမှန်တရားဆိုတာ ကြာကြာဖုံးကွယ်ထားလို့ မရသလိုပဲ လူလိမ်လူကောက်မှာ အိမ်ထောင်ရှိတယ်ဆိုတဲ့ သတင်းစကားကို မေခ ကြားသိလိုက်ရပါတော့တယ်။ အဲဒီလို သိရှိသွားတဲ့အချိန်မှာ လူလိမ်လူကောက်က ပထမ အိမ်ထောင်ကိုလည်း ကွဲလို့ ကွာလို့ မရဘူး။ မေခ ကိုလည်း လိုလေးသေးမရှိအောင် စီစဉ်ပေးပြီး ပေါင်းသင်းပါ့မယ်။ မေခ ရဲ့ ကိုယ်ဝန်ကိုတော့ ဖျက်ချလိုက်ပါလို့ ဖိအားပေးလာတယ်။

အဲဒီလို ဖိအားပေးလာတဲ့အချိန်မှာ မေခ ပြောတာက "ရှင် အဲဒီကိစ္စကို အတူမအိပ်ခင်ကတည်းက စဉ်းစားမိခဲ့ရမှာ" တဲ့။ မေခ ဘက်က ယုံကြည်မှုနဲ့ ဖြူစင်စွာ လက်ခံခဲ့ခြင်းဖြစ်ပေမယ့် မောင်မင်းကြီးသား လူလိမ်လူကောက်ကတော့ ခဏတာ အာသာဖြေဖို့ သဘောလောက်သာတွေးပြီး အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။

တစ်ဖက်က လူလိမ်လူကောက်ရဲ့ ပထမအိမ်ထောင်အနေနဲ့ကရော သူမရဲ့ အမျိုးသား နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေပြီလို ကြားသိရချိန်မှာ ပဋာမြေလူးပေါ့။ မေခ ကိုတော့ တိုက်ရိုက်ပြဿနာရှာလာတမျိုး မဟုတ်ပါဘူး။ မိန်းမတွေမှာ မုန့်ဝေကိုပဲ ဝေစားမယ်။ အချစ်ကိုတော့ ဝေမစားနိုင်ဘူးဆိုတာ စကားပုံတောင် ရှိတယ်မဟုတ်လား။ ပထမ အိမ်ထောင်က လူလိမ်လူကောက် မောင်မင်းကြီးသား ကို ရှင် တစ်ယောက်ယောက်ကိုပဲ ရွေးပါတဲ့။ နောက်ဆက်တွဲ ချိန်းခြောက်မှုက ရှင်ရော၊ ရှင့်ကောင်မကိုပါ အရှင်မထားဘူးဆိုတာ ပါလာတယ်။ လူလိမ် လူကောက်ဟာ မယားကြီးကို ကြောက်ပြီး မေခ ဆီက ခွါသွားခဲ့တယ်။

လူဂုဏ်တန်အသိုင်းအဝိုင်းက လူလိမ်လူကောက် တစ်ယောက်ရဲ့ ခြေတော်တင်ခြင်းကိုတော့ မေခ ခံလိုက်ရပြီ။ တာဝန်ယူ လိုစိတ်မရှိတဲ့ မိခင်တစ်ယောက်အနေနဲ့ဆိုရင် ဒီကိုယ်ဝန်ကို ဖျက်ချပြီး သူ့မရဲ့ အနုပညာအလုပ်ကို ဟန်မပျက် ဆက်လုပ်နေလို့ ရပါတယ်။ သူမ ဘက်က ဘာမှ ပြဿနာမရှာပေမယ့် လူလိမ်လူကောက်ရဲ့ မယားကြီးက သူ့ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတာကို ကြုံလာရတယ်။ နောက်ဆုံး မေခတို့ရဲ့ အိမ်လေး သည်မပေါ်ဘဲ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရတယ်။ လူဂုဏ်တန်တွေရဲ့ ကောက်ကျစ်ယုတ်မာခြင်း ဘေးကနေ ကင်းဝေးအောင် ပြောင်းရွှေ့ခဲ့ရသည်အထိပေါ့။

ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဘဝကို အေးချမ်းစွာ ရပ်တည်နေတဲ့ မေခ။ လူဂုဏ်တန်အသိုင်းအဝိုင်း ထဲက လူလိမ်လူကောက်ရဲ့ ဒုက္ခပေးခြင်း နောက်ဆက်တွဲတွေကို ပင်ပန်းကြီးစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်။ တနယ်တကျေးကို ပြောင်းရွှ့တဲ့အချိန်မှာ ကိုယ်လေးလက်ဝန် နဲ့ ဖြစ်နေတဲ့အခါကြတော့ သူ့ယောက်ျားက ဘယ်သူလဲလို့ မေးကြတယ်။ ခင်ပွန်းဆုံးပြီ။ ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တာပါလို့ ရှင်းချက်ထုတ် ပြောဆိုရတယ်။ မေခ ဟာ ကိုယ်ဝန်ကို ဖျက်မချဘဲ သားကောင်းရတနာလေး ကို မွေးဖွားခဲ့တယ်။

ဘားတွေ၊ စင်တင်တွေမှာ သီဆိုဖျော်ဖြေတဲ့ အလုပ်ကို စွန့်လွှတ်ပြီး ရပ်ထဲ ရွာထဲမှာ နေ့စားအလုပ်၊ ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းတဲ့အလုပ် ကောင်းရောင်း၊ ကောင်းဝယ် အလုပ်မျိုးစုံကို မညည်းမညူလုပ်ရင်း သားလေးကို ပြုစုပျိုးထောင်ခဲ့တယ်။

ဒီဇာတ်လမ်းလေးမှာ  အတုယူရမယ့် မေခရဲ့ ရပ်တည်ချက်၊ ခဏတာ ကိစ္စကို လွယ်လွယ်လေးစဉ်းစားပြီး လွယ်လွယ်လေး မမှားကြဖို့ "အတူမအိပ်ခင်ကတည်းက တွေးရမှာ" ဆိုတဲ့ အတွေးတစ်စကိုတော့ မမေ့ကြဖို့ လိုမယ်ထင်ပါရဲ့။

လောကကို လူတွေနဲ့ တည်ဆောက်တယ်။ လူတွေကို အကောင်းဆုံး ပြုစုပြီး မွေးဖွားတော့မှသာ လူတော်လူကောင်းလေးတွေ ဖြစ်လာတယ်။ သရမ်းချင်တိုင်း သရမ်းပြီး မွေးဖွားလာတဲ့ လူရမ်းကားလေးတွေ များလာရင် လောကဟာ ပူပြီး ဆူလာတယ်။ လူစင်စစ်က တိရစ္ဆာန်ဖြစ်နေကြတယ်။ 

ဒီနေရာမှာ လူယုတ်မာ လူရမ်းကား လူလိမ် လူကောက်တွေကို လိင်ပညာပေး ဆရာမ တစ်ဦး ပြောဖူးတဲ့ ပညာပေး စကားလေးကို လက်ဆောင်ပါးလိုတာက "နာရီဝက်လောက် အာသာဖြေပြီး ထောင်ထဲမှာ ဆယ်နှစ် ဆယ့်ငါးနှစ် သွားနေရမယ့် ကိစ္စမျိုးကို မလုပ်ကြပါနဲ့" တဲ့။ မေခ နဲ့ လူလိမ်လူကောက်ရဲ့ ဇာတ်လမ်းမှာလည်း မေခဘက်ကသာ အမှုဖွင့် တိုင်ကြားခဲ့မယ်ဆိုရင် အိမ်ထောင်ရှိပါလျက်နဲ့ ကာမလိမ်လည်ရယူမှုနဲ့ လူဂုဏ်တန်အသိုင်းအဝိုင်းက လူလိမ်လူကောက်ဟာ ထောင်နန်းစံရမှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment