စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုးဆွမ်းဦးပုညရှင်စေတီတော်ကြီး ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် စတုတ္ထအကြိမ်အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုးဆွမ်းဦးပုညရှင်စေတီတော်ကြီး ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် စတုတ္ထအကြိမ်အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်




MNP ၊  ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် စတုတ္ထအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၁၂ ရက် နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။


ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ ခေမာသီဝံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုးပါးသီလခံယူဆောက်တည်ကြသည်။


ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများထံ အလှူရှင်များက ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။


ဆက်လက်ပြီး စစ်ကိုင်းမြို့စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးဒေါ်ညိုညိုဆွေက ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်း အခြေအနေများအား ဖြည့်စွက်လျှောက်ထားသည်။


ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများက ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိဂုံးချုပ်သြဝါဒဂါထာမြွတ်ကြားပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများနှင့် အလှူရှင်များက ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။


အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးပုညရှင်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ် ၂၄၄,၀၀၀,၀၀၀ (နှစ်ထောင်လေးရာလေးဆယ်သိန်း)ကျပ် အားလှူဒါန်းခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင် တော်ပေါ်တွင်တည်ဆောက်လျက်ရှိသည့် အလျား - ၁၄၉ ပေ၊ အနံ - ၆၃ ပေ၊ အမြင့် - ၅၄ ပေ၊ ဗိမာန် တော်အကျယ် အလျား ၁၂၆ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)