ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာဆိုင်ရာ ကွန်ဖရင့်နှင့် မြန်မာ-စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖိုရမ်သို့ အွန်လိုင်းမှတက်ရောက် အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာဆိုင်ရာ ကွန်ဖရင့်နှင့် မြန်မာ-စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖိုရမ်သို့ အွန်လိုင်းမှတက်ရောက် အမှာစကားပြောကြား


MNP ၊ ဧပြီ   ၂၇

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် (၇၅)နှစ် မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့် တိုက်ဆိုင်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ     အစီအစဉ်များအနက် တစ်ခုဖြစ်သော ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာဆိုင်ရာ ကွန်ဖရင့်ကို ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် Moscow State Institute of International Relations  (University)  of  the Ministry of Foreign Affairs of the Russian Federation (MGIMO) ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က အွန်လိုင်းမှ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားရာ ယနေ့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးမှာ ခိုင်မာပြီး တူညီသောအကျိုးစီးပွား၊ တန်ဖိုးထားမှုများနှင့် အပြန်အလှန် နားလည်သော ချစ်ကြည်ရင်းနှီးမှုများရှိပါကြောင်း၊ ပထဝီဝင် အနေအထားရ ခြားနားနေသော်လည်း ပြည်သူအချင်းချင်း အပြန်အလှန် ကူးလူးဆက်သွယ်မှုတို့မှ တစ်ဆင့် အဆိုပါစိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုမှတစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်း စသော အလားအလာရှိသည့် ကဏ္ဍများ   တွင် ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း၊ ယခုကွန်ဖရင့်မှတစ်ဆင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အကောင်အထည်ဖော်နိုင်ရန် ထိရောက်သော မဟာဗျူဟာများ ဆွေးနွေးဖော်ထုတ်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး၊ MGIMO တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စတနီစလပ် ဆူရိုဆပ်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့များက နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စ ရပ်များ၊ သံတမန်ရေးရာကိစ္စရပ်များ၊ ပညာရေးနှင့်နည်းပညာ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ကွန်ဖရင့်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံး ဝန်ထမ်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)  စစ်သံမှူးနှင့်  စစ်သံရုံး ဝန်ထမ်းများ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုရှားနိုင်ငံ MGIMO တက္ကသိုလ်၊ နိုင်ငံတကာရေးရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စတနီစလပ်ဆူရိုဆပ်နှင့် တက္က သိုလ်မှ တာဝန်ရှိသူများ၊ ASEAN Centre၊ Peoples’ Friendship တက္ကသိုလ်၊ ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း၊ Escape Tech LLC ၊ Rosatom Technical Academy၊ ရုရှား-အာဆီယံစီးပွား ရေးကောင်စီနှင့် ရုရှားဖက်ဒရယ် သုတေသနဌာနမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။ အဆိုပါကွန်ဖရင့်ကို ဧပြီ ၂၂ ရက် မှ ၂၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာ စဘတ်မြို့တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။


ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာ- စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်း ဖိုရမ်သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


အဆိုပါဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖိုရမ်က နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်  မည့်အခြေအနေများ၊ အတွေးအမြင်များနှင့် အကြံဉာဏ်ကောင်းများကို ဖလှယ်နိုင်မည့် စင်္ကြံ တစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရေးနှင့် ငွေကြေးသုံးစွဲမှု စနစ်ကိစ္စရပ် (၂) ခုသည် အရေးပါသော ကိစ္စရပ်များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် အစိုးရ၊     ပုဂ္ဂလိကပါဝင်သော ဦးဆောင်ကော်မတီနှင့် လုပ်ငန်းအဖွဲ့အား ဖွဲ့စည်း၍ “Welcome Russia” အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ကနဦးအစီအစဉ်အဖြစ် ဝန်ကြီးဌာနနှင့် ရုရှား - မြန်မာ ချစ်ကြည်ရေး အသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဧပြီ ၁၁ ရက်နေ့မှ ၁၉ ရက်အထိ ရုရှားနိုင်ငံမှ တေးသံရှင်များ၊   ဗီဒီယိုရိုက်ကူး ထုတ်လုပ်သူများ၊ ဘလော့ဂါများ ပါဝင်သောအဖွဲ့၏ မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ် လာရောက်နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။ 


ကိုဗစ်-၁၉ မတိုင်မီ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၄ ဒသမ ၃၆ သန်း   ဝင်ရောက်ခဲ့ရာတွင် ရုရှားခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်ခဲ့သည့် သာဓကများရှိခဲ့ပါကြောင်း၊ ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ နှစ်နိုင်ငံသံရုံးများ၊ ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များ၏ အားပေးကူညီမှုများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွား ဧည့်သည်များ လွယ်ကူအဆင်ပြေစွာ အပြန်အလှန်သွားလာလည်ပတ်နိုင်ရေး၊ စီးပွားရေးအခွင့် အလမ်းများ ပိုမိုရရှိလာရေးနှင့် နှစ်နိုင်ငံ ပြည်သူများအချင်းချင်း ကူးလူးယှက်နွယ်မှု တိုးမြှင့်ရေး ပိုမိုပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိရာ ရုရှားနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၊ မီဒီယာများနှင့် ကျော်ကြားသူများအား ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်များ ဖိတ်ခေါ်ဆောင်ရွက်လိုပါကြောင်း၊ ယနေ့ကျင်းပသည့် ခရီးသွားလုပ်ငန်းဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အစိုးရနှင့်  ပုဂ္ဂလိကများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရုရှား ခရီးသွား ဧည့်သည်များအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေးအတွက် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။


ထို့နောက် စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဒုတိယအကြီးအကဲ မစ္စနာနာအမ်ဂါဗီချီရာက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး  ဗီဒီယိုအားပြသ၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ မျိုးအောင်က မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ စီးပွားရေးဆိုင်ရာ ညွှန်ကြားရေးမှူး  မစ္စတာတန်နက်စ်ကူမာ (အန်)မာနီယန် က MAI မှ ပြေးဆွဲနေသော လေကြောင်းလိုင်းများနှင့်  လေကြောင်းခရီးစဉ်အတွင်း လိုက်နာရမည့် စည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး နှစ်နိုင်ငံခရီးသွား လုပ်ငန်းရှင်များက ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် အမြင်ချင်းဖလှယ်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗီချယ်စလာ့ကဘ်ဂါနိုဗ့် က ဖိုရမ်ကျင်းပပြုလုပ်ခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။


အဆိုပါဖိုရမ်သို့ စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှ ဒုတိယ အကြီးအကဲ မစ္စနာနာအမ်ဂါဗီ ချီရာ၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာဗီချယ်စလာ့ကဘ်ဂါနိုဗ့်နှင့် ရုရှားခရီးသွားကုမ္ပဏီများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အလုပ်အမှု ဆောင်များ၊ အထွေထွေအတွင်းရေးမှူးများ၊ Myanmar Airways International (MAI) မှ စီးပွားရေး ဆိုင်ရာ ညွှန်ကြားရေးမှူး  မစ္စတာတန်နက်စ်ကူမာ(အန်) မာနီယန်တို့က အွန်လိုင်းမှ ပါဝင်တက် ရောက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)