မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်မြင်ကွန်းနယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်မြင်ကွန်းနယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်





MNP ၊  ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မြင်ကွန်းနယ်မြေမီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြင်ကွန်းနယ်မြေ မီးသတ်စခန်းသစ်ရှေ့၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြင်ကွန်းနယ်မြေမီးသတ်စခန်း တည်ဆောက်ပြီးစီးမှု မှတ်တမ်း ဖိုင်အား သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မြင်ကွန်းနယ်မြေ မီးသတ်စခန်းသစ်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးအထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး ဆောင်းတင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်၍ မြင်ကွန်းနယ်မြေမီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးမြို့နယ်၊ မြင်ကွန်းနယ်မြေ မီးသတ်စခန်းကို မြင်ကွန်းကျေးရွာ အနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် မီးသတ်တပ်ဖွဲ့များ၏ ရည်မှန်းချက် တာဝန်(၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့အား ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ဒေသခံပြည်သူများ အားကိုးအားထား ပြုရမည့် မီးသတ်စခန်း တစ်ခုဖြစ်ကြောင်း၊ မြင်ကွန်းဟာ အနီးဆုံးမီးသတ်စခန်းဖြစ်တဲ့ မကွေးမြို့မှ ၂၈ မိုင်ကွာဝေးပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါက အချိန်နှင့် အကွာအဝေးအရ ဆုံရှုံးမှု များပြားသွားနိုင်ကြောင်း၊ မကွေးမြို့နယ်အနေနဲ့ ကျေးရွာများတွင် မီးလောင်မှုဖြစ်ပွားလာပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိမှာ မိကျောင်းရဲနယ်မြေမီးသတ်စခန်းနဲ့ မကွေး-နတ်မောက် အကြားတွင် ညောင်ကန်နယ်မြေမီးသတ်စခန်းတို့ကို ဖြန့်ခွဲတည်ဆောက်ထားပြီး ဖြစ်သလို ယခုမြင်ကွန်းမှာ နယ်မြေမီးသတ်စခန်းတစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ထားခြင်းဖြင့် မကွေး-တောင်တွင်းကြီး လမ်းပိုင်းနဲ့ မြင်ကွန်းအုပ်စုရှိ ကျေးရွာ(၁၀)ရွာ၊ အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်တဲ့ ရှားဇောင်းကန် ကျေးရွာ၊ ဝက်တိုးကျေးရွာ၊ သံဘိုရွာမ၊ သံဘိုရွာသစ်နဲ့ မြစ်သာစည်ကျေးရွာတွေရဲ့ မီးဘေးလုံခြုံရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တဲ့အတွက် မီးသတ်ရှုထောင့်အရ အချက်အခြာ ကျသည့် မီးသတ်စခန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်  တိုင်းဒေသကြီးအတွင်း မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ပိုမိုမြန်ဆန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ယခုဖွင့်လှစ်သည့် မြင်ကွန်းနယ်မြေမီးသတ်စခန်း အပါအဝင် မီးသတ်စခန်း (၉)ခုအား တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သလို စခန်းအဆောက်အအုံများကို ဒေသလိုအပ်ချက်များအရ အသွင်သဏ္ဍာန်သစ်ဖြင့် ဘဏ္ဍာရန်ပုံငွေကို မူတည်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသ ကြီးအတွင်း ၂၀၂၂ ခုနှစ်တွင် မီးလောင်မှု (၁၀၆)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံရှုံးမှုတန်ဖိုး ၅၅၅.၆၃၉ သန်း ဆုံးရှုံးကာ ယခု ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မီးလောင်မှု ၂၇ ဖြစ်ပွားခဲ့ပြီး ဆုံရှုံးမှုတန်ဖိုးအနေနဲ့ ၈၁.၉၀၈ သန်း ဆုံးရှုးခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ယုံကြည်ချက်၊ ခံယူချက် မှန်ကန်ကောင်းမွန်ကာ နိုင်ငံဝန်ထမ်းများတွင်ရှိရမည့် စံတန်ဖိုးများအပြင် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှုနှင့် လုပ်ငန်း ကျွမ်းကျင်မှု အရည်အသွေးများအပြင် နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ် လုပ်ငန်းဆိုင်ရာများအား မျက်ခြည်မပြတ် လေ့လာပြီး မိမိနိုင်ငံသားများအတွက် ပြန်လည် အသုံးချနိုင်ရန် အားထုတ်ကြရန် လိုအပ်ပါကြောင်းနှင့် ပြည်သူများ ယုံကြည်အားကိုး အားထားပြုသည့် မီးသတ်တပ်ဖွဲ့များဖြစ်အောင် လေ့ကျင့် တည်ဆောက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားကာ၊  ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါ မြင်ကွန်းနယ်မြေမီးသတ်စခန်းသစ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေ ၁၈၂ ဒသမ ၈၂၀ ကျပ်သန်းနှင့် မကွေးတိုင်း ဒေသကြီး၏ အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ စခန်းရှေ့ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ် ၁၀.၁၀၀ သန်းကို ရန်ပုံငွေခွဲဝေချထားပေးကာ (အလျား ၄၅ပေ x အနံ ပေ၅၀ x အမြင့် ၂၆ပေ)အရွယ်အစားရှိ RC (၂)ထပ် အဆောက်အဦ အမျိုးအစား ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)