နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် သိဒ္ဓိအောင်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားနှင့် စတုထ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် သိဒ္ဓိအောင်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားနှင့် စတုထ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည်ညို




MNP ၊  ဧပြီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ သိဒ္ဓိအောင်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ကကျင်းပရာ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ကျွန်းတက်ပဲ့ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာစာရ မထေရ်မြတ်အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ဆရာတော်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက သိဒ္ဓိအောင်စေတီတော်အထွဋ်တွင် ရွှေထီးတော်၊ ငှက်မြက်နားတော်နှင့် စိန်ဖူးတော်တို့ကိုလည်းကောင်း၊ တာဝန်ရှိသူများနှင့် ဘုရားဒါယကာများက အရန်စေတီတော်များ၏ အထွဋ်တွင် ရွှေထီးတော်များကိုလည်းကောင်း တင်လှူပူဇော်ကြပြီး ရွှေထီးတော်၊ ငှက်မြက်နားတော်နှင့် စိန်ဖူးတော်တို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကြသည်။


ထို့နောက် ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းတော်မူကြသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ စတုထ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဧည့်ပရိသတ်များက ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ကျွန်းတက်ပဲ့ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာစာရမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကိုရွတ်ဖတ်ပူဇော်သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်တို့က ပန်းပေါင်စုံဗုဒ္ဓရုပ်ပွားတော်မြတ် ၄၅ ဆူနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  ပန်းပေါင်စုံဗုဒ္ဓရုပ်ပွားတော်မြတ် ၁၈ဆူနှင့်  ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများနှင့် နဝကမ္မအလှူတော်ငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ငါးရံ့မင်းပရိတ်တော်ကိုနာယူကြပြီး ဒက္ခိဏသီရိမြို့နယ်၊ ကျီးသဲလေးထပ်ပညာရေးစင်တာ ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒာဝရ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။


ယင်းနောက် ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒေသ ပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ စတုထ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)