ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ၇၈၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်လျာထားဧက ပြည့်မီစေရေး ဒေသခံတောင်သူများ ကြိုးပမ်းစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ၇၈၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်လျာထားဧက ပြည့်မီစေရေး ဒေသခံတောင်သူများ ကြိုးပမ်းစိုက်ပျိုး




MNP ၊  ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသတွင်းရှိ တောင်သူများသီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တစ်မြို့နယ်လုံး နွေစပါးစိုက်ဧက ၂၉၆၁၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၇၈၅၉ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူဦးကြီးများ နွေစပါး၊ နွေနှမ်းနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများကို နွေစပါးစိုက်ပျိုးမည့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးခဲ့သဖြင့် ဒေသခံတောင်သူများက ဆည်ရေရရှိသည့်အချိန်မှစတင်၍ မိမိတို့၏ လယ်ယာမြေများကို နွေစပါးနှင့် အခြားနွေသီးနှံ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးကြိုတင်ပြီး ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများဆောင်ရွက်ကာ မတ်လဆန်းတွင် နွေစပါးသီးနှံကို စတင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 


ထို့အပြင် ဒေသတွင်းရှိ တောင်သူဦးကြီးများ အရည်အသွေးကောင်းမွန်သော နွေစပါးသီးနှံ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့  နွေစပါးသီးနှံစိုက်ပျိုးရာ၌ ဒေသခံတောင်သူများ အဆင်ပြေစေရန်အတွက် နွေစပါးစိုက်ကွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်နှင့် သွင်းအားစုပစ္စည်းဖိုး ငွေကျပ်နှစ်သိန်းနှုန်း ထောက်ပံ့ပြီး စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုး ၊ မနောသုခ ၊ ဆင်းသုခ ၊ ချမ်းမြေ့မေ ၊ ဆာဖိုးသာ ၊ ပခန်းရွှေဝါ ၊ ထိုင်းနှံကောက် ၊ GW-11 စပါးမျိုးနှင့် ရက် ၁၀၀ စပါးမျိုးတို့ကို စိုက်ပျိုးကြကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး နွေစပါးသီးနှံ စိုက်ပျိုးမှုအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် စိုက်ပျိုးမည့် နွေစပါးသီးနှံစိုက်ဧက ၁၅၀၀၀ ဧက အပါအဝင် စုစုပေါင်း နွေစပါးသီးနှံစိုက်ဧက ၂၉၆၁၈  ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့အထိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် စိုက်ပျိုးသည့် နွေစပါးအပါအဝင် စုစုပေါင်းနွေစပါးစိုက်ဧက ၇၈၅၉ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း၊ သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးရေးအတွက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ဌာနပိုင်ကောက်စိုက်စက်များဖြင့် ဒေသခံတောင်သူများနှင့်ပူးပေါင်းပြီး နွေစပါးများ ကူညီစိုက်ပျိုးပေးနေကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။ 


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)