ဗန်းမော်ဆရာတော်ဘုရားကြီး နောက်ဆုံးချီးမြှင့်ခဲ့သော တရားတော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်ဆရာတော်ဘုရားကြီး နောက်ဆုံးချီးမြှင့်ခဲ့သော တရားတော်


ဧပြီလ (၂၉) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က သွားရောက် ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအား မေးမြန်းလျှောက်ထားစဉ် ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့် တရားတော် ဖြစ်ပါသည်။


(ဤတရားတော်သည် ဗန်းမော်ဆရာတော်ဘုရားကြီး နောက်ဆုံးချီးမြှင့်ခဲ့သော တရားတော်ဖြစ်သည်)

အဆောင်ဘာလုပ်တုန်းလို့ မေးတယ်၊  အဲဒီတော့ ဘုန်းဘုန်းက တရားဂုဏ်တော် ပုတီးစိတ်တဲ့အကြောင်း၊  ပြီးတော့ကျ ဂုဏ်တော်တွေ ပွားတဲ့အကြောင်း၊ နှစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တွေကိုလည်း တပည့်တော် ရှိခိုးပါ၏။ ပဉ္စဿတ သဟသာနိ၊  ပဉ္စက ငါး၊ ဿတက ဘုရား၊ သဟသာ က တစ်ထောင်၊ ငါးရာနဲ့ တစ်ထောင်နဲ့မြှောက် ငါးသိန်း၊  အဲဒီတော့ ပဉ္စသတ္တ သဟသာမိ ငါးသိန်းသော ဘုရားရှင်တို့ကိုလည်း တပည့်တော် ရှိခိုးပါ၏။ ပေါင်းလိုက်တော့ ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရှားရှင်တို့ကို တပည့်တော် ရှိခိုးပါ၏။ ဘုရားငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကို ရှိခိုးတဲ့ ဂါထာ၊ အဲဒါ ဆရာတော်ကြီးက ပြောတယ်၊ သူက ငယ်ငယ်လေးကတည်းက၊ သူ ခုနှစ်နှစ်သား အရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ်ကင်းတယ်။ ဘေးရှင်းတယ်တဲ့။ ဆွမ်းခံသွားရင်လည်း ဘယ်တော့မှ မိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာ ရွတ်လိုက်ရင် မိုးတိတ်သွားတယ်။ အဲဒီလို ကျေးဇူးရှိတဲ့ အကြောင်း၊ အဲဒါ ဘယ်တုန်းက စခဲ့တာတုန်းဆိုတော့ လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာ တစ်သိန်းက ဘုရင်ကြီးတစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနှစ်ဆင့်ရှိတဲ့ ပြာသာဒ်၊ ခုနှစ်ထပ်တိုက်ကြီးနဲ့ နေတယ်၊ ပြာသာဒ် ဘေးဘက်များဆီကို လည်ပတ်ကြည့်တော့ ညနေလေးနာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။


ဟာ.. ဦးဇင်းလေးတစ်ပါး ညနေကြီး ဆွမ်းခံနေတယ်။ သွား ကိုယ်တော်ကို ပင့်စမ်းဆိုတော့ ပင့်တယ်၊ ရောက်လာတယ်။


ရောက်လာတော့ ဦးဇင်းကလေး.. သူများတွေ မနက်ဆွမ်းခံတယ်။ ကိုယ်တော် ညနေကြီး ဆွမ်းခံတယ်၊ ည ထမင်းစားသလား။ ဆွမ်းစားသလား။


မစားပါဘူး တပည့်တော်တွေရယ် ကြည့်ပါဆိုပြီး သပိတ်လှန်ပြတယ်။


ဘာတွေတုန်းဆိုတော့ ဆီတွေ ဘာလုပ်ဖို့တုန်း၊ ကိုယ်တော်တို့၊ သူများ ချက်ပြီးပြုတ်ပြီး စားနေတာ။


မဟုတ်ဘူး တပည့်တော်တွေရဲ့၊ ည.. ည တရားပွဲတွေ ဘုရားဟော၊ ဘုရားဟောတဲ့အခါကျတော့ လူတွေက အမှောင်ကြီးထဲ တစ်ယောက်နဲ့ တစ်ယောက် တိုးတိုက်၊ အဲဒါတွေကြောင့် ဆီမီးပူဇော် မိတာပါ။


ရှေးတုန်းက လျှပ်စစ်မီး မရှိလို့ နေမှာပေါ့။


အဲဒါနဲ့ ဒီလို ပေး.. ပေး.. ပေး .. သပိတ်ပေးဆိုပြီး သပိတ်ထဲ နှမ်းဆီလေးတွေ အပြည့် လောင်းထည့်တယ်။ လောင်းထည့်ပြီး အဲဒါကပ်လိုက်တယ်။


ကဲ.. ကိုယ်တော် လျှောက်သွားမနေနဲ့တော့၊ ဒါနဲ့ဆိုရင် လောင်းလှူလောက်ပါတယ်ဆိုပြီး။


ကောင်းပါပြီ.. သမီးတော်လေး၊ သမီးတော်လေး ဘာဆုများ ပန်တုန်းဆိုတော့၊ တပည့် တော်မ ဘုရားဆုပန်တာတဲ့။


အော်.. သာဓု သာဓု သာဓုဆိုပြီး ဦးဇင်းလေး သွားတယ်။


ညကျတော့ တစ်ကျောင်းလုံး လင်းထိန်းလို့၊ ဆီမီးခွက်ကလေးတွေနဲ့ မီးထွန်းထားတာ။


ဟာ.. မီးပူဇော်တဲ့ ဦးဇင်းလေး ခေါ်လိုက်စမ်းဆိုပြီး ဘုရားက၊


ရောက်လာတော့ ဦးဇင်းလေး မင်းဘယ်က ဆီတွေရတုန်း။


 သမီးတော်လေးက လှူလိုက်တာပါ ဘုရား။ အရှင်ဘုရားနှမတော်လေးပါ၊ အဲဒီသမီးတော်လေးနဲ့ ဘုရားနဲ့က မောင်နှမတော်သတဲ့၊ အဲဒါကြောင့် အရှင်ဘုရားနှမ တော်လေးက လှူလိုက်တာပါ။ သမီးတော်လေးက ဘာဆုပန်သတဲ့တုန်း၊ ပြောတယ်ဘုရား၊  တပည့်တော် မေးတော့ ဘုရားဆုပန်တယ်လို့ ပြောပါတယ်။


ဘုရားဆုပန်လို့နဲ့ မပြည့်ဘူး။


နောက်ဘဝ ယောကျ်ားလေး ဖြစ်ပါရစေလို့ ဆုတောင်းလိုက်။


အဲဒီလိုဆိုရင် ယောကျ်ားလေးဖြစ်လိမ့်မယ်။ ယောကျ်ားလေးဖြစ်မှ ဆက် ပါရမီတွေ ဖြည့်၊ အဲဒါဆိုရင် ဘုရား ဖြစ်မှာပေါ့။


တင်ပါ့ဘုရား။


တပည့်တော် မနက်ဖြန် ဆွမ်းခံကြွတော့ ပြောလိုက်ပါမယ်။


မနက်ဖြန် ဆွမ်းခံသွား၊ ညနေ ၄ နာရီလောက်ကျတော့ ကိုယ်တော်လည်း အဲဒီနေရာ အရောက်၊ သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ပြာသာဒ်အထက်က လှည့်ပတ်လျှောက်တော့၊  ဟာ… မနေ့က ကိုယ်တော်လေးနဲ့တူတယ်။ ဆွမ်းခံနေတယ် သွားသွား ပင့်စမ်း။ ရောက်လာတယ်။


ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်း ဆွမ်းခံ၊ ကိုယ်တော် နေ့တိုင်း ဆွမ်းခံသလား။


သမီးတော်လေးနဲ့… ကျုပ်က ဘုရားဆုပန်တာ ၊ ဘုရားဆုပန်တဲ့သူက တစ်နေ့ထဲ ကုသိုလ် လုပ်ပြီးတော့ ဘုရားဆုပန်လို့ ဘယ်ပြည့်မှာလဲ။ နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလ ဆောက်တည်ရတယ်၊ ဘာဝနာတွေ ပွားရတယ်၊ ပုတီးစိတ်ရတယ်။


အော်.. အဲလိုလား ဘုရား။


 ဒါနဲ့ သမီးတော်လေးကို ဘုရားက မှာလိုက်သေးတယ်၊ သမီးတော်လေး ဘာဆုပန်တုန်း၊ ဘုရားဆုပန်တယ် လို့ ကျုပ်က ပြောတယ်၊ ဘုရား ဆုပန်တယ်ဆိုတာ မိန်းကလေးဘဝနဲ့ မပြည့်ဘူး။ နောက်ဘဝ ယောကျ်ားလေး ဖြစ်ပါရစေလို့ ဆုပန်လိုက်၊ အဲတော့ ယောကျ်ားလေး ဖြစ်ပြီဆိုမှ ပါရမီတွေ ဆက်ဖြည့်လို့ မှာလိုက်တယ်။


ကောင်းပါပြီး ဘုရား ဆိုပြီးတော့၊ သူကလည်း ဆီဆွမ်း တစ်သပိတ်အပြည့် ဆီဆွမ်း လောင်းပါ့မယ် ဘုရား၊ နေ့တိုင်း တပည့်တော် ပြာသာဒ် ကြွပါလို့၊ အဲဒီလို နေ့တိုင်း ဆွမ်းလောင်းတယ်၊ ဆီဆွမ်းလောင်းတဲ့အတွက် ဆီဆွမ်းကို သိဒ္ဓိတ္ထ သီလလို့ ပါဠိလို ခေါ်တယ်၊ သိဒ္ဓိတ္ထ က နှမ်းပေါ့။  သီလ က ဆီ ၊ နှမ်းဆီ၊ နှမ်းဆီ တွေလောင်းလို့၊ အခုခေတ် နောက်ဆုံး သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်း ဝင်တဲ့အခါ အဲဒီ နှမ်းဆီလောင်းတဲ့ ကုသိုလ်က အကျိုးပေးပြီးတော့ နာမည်ကို သိဒ္ဓိတ္ထ မင်းသား ၊ ဆီဆွမ်းလောင်းပြီးတော့ ဆုတောင်းခဲ့တယ်နော်။ အေး..  အဲဒီလိုပဲ ကုသိုလ်ကောင်းမှုကို ဘုရား သာသနာတော် နဲ့ ကြုံတဲ့အခါ ကြိုးစားပြုကြပေါ့။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)