မိုခါမုန်တိုင်းနှင့်အတူ မိုးရွာသွန်းခဲ့မှုကြောင့် မင်းဘူး(စကု)မြို့နယ်၌ မိုးဦးသီးနှံများ စတင်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုခါမုန်တိုင်းနှင့်အတူ မိုးရွာသွန်းခဲ့မှုကြောင့် မင်းဘူး(စကု)မြို့နယ်၌ မိုးဦးသီးနှံများ စတင်စိုက်ပျိုး





MNP ၊ မေ  ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် မိုခါမုန်တိုင်းနှင့်အတူ မိုးရွာသွန်းမှုများကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးဦးသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


မိုးရွာသွန်းမှုဖြင့် စိုက်ပျိုးရေရရှိချိန် အပြိုင်စိုက်ပျိုးရခြင်းကြောင့် မိုးကောင်းသောက် လယ်ယာမြေများအတွက် ထွန်ယက်စိုက်ပျိုးသည့် စက်ကိရိယာရရှိနိုင်မှုအင်အားနှင့် စိုက်ပျိုးရေးအထောက် အကူပြု ကျွဲ၊ နွား၊ ထွန်၊ ထယ်၊ လုပ်သားရရှိနိုင်မှု အပြိုင်ဖြစ်ပေါ်နေသည့်တွက်ကြောင့် နှမ်းစိုက်ပျိုး ချိန်ရောက်တိုင်း  လုပ်သားအခက်အခဲများ နှစ်စဉ်ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။


“မုန်တိုင်းဝင်ပြီးနောက် မိုးရွာတဲ့အတွက် အခုမှမိုးသီးနှံတွေကို စတင်စိုက်ပျိုးနေကြတာပါ။ မိုးသီးနှံအနေနဲ့က နှမ်းကိုအဓိကထားစိုက်ပျိုးပါတယ်။ မျိုးစေ့ကုန်ကျမှုက တစ်ဧကကို စမုံနက်နှမ်းမျိုး ၂ ပြည်ခန့်ကုန်ကျပါတယ်။ မျိုးစေ့ဖိုးက တစ်ပြည် ၅၀၀၀ ကျပ်နဲ့ ၈၀၀၀ ကျပ်နှုန်းကြား ဝယ်ယူစိုက်ပျိုး ရတာပါ။ ဒါတောင် မျိုးစေ့ကိုကြိုဝယ်ထားတဲ့သူမှ ဒီဈေးနဲ့ရတာ။ နှမ်းစိုက်ချိန်ကာလမို့ တောင်သူ အချင်းချင်း အခုလက်ရှိမျိုးရောင်းဝယ်နေတဲ့ဈေးက တစ်ပြည်ကို ၁၀၀၀၀ ကျပ်အထိ ပေါက်ဈေးရှိတယ်။ ယာမြေဆိုတော့ ထွန်ယှက်(ကြောင်းဆွဲ)စနစ်နဲ့ အများဆုံးစိုက်ပျိုးပြီး ဈေးကောင်းရရှိတဲ့ စမုံနက်ကိုပဲ ဦးစားပေးစိုက်ကြတာပိုများပါတယ်။ ရေရတဲ့အချိန် နှမ်းစိုက်ရတာဆိုတော့ စစိုက်တဲ့အချိန်ကနေ အပင်ဖြစ်ထွန်းမှုကာလတစ်လျောက် ပေါင်းမြက်နှိမ်နင်းမှုအတွက် လုပ်သားနဲ့ ပေါင်းသတ်ဆေးကို အဆင်ပြေသလိုသုံးစွဲနေရပြီး လုပ်သားရှားပါးတဲ့ အခက်အခဲကတော့ နှစ်စဉ်ဖြစ်ပေါ်တယ်”ဟု မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးလှအောင်က ပြောသည်။


မင်းဘူး(စကု)မြို့နယ်၌ မိုးသီးနှံအဖြစ် နှမ်းနှင့် မြေပဲကို အဓိကအားထားစိုက်ပျိုးကြပြီး ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ နေကြာ၊ ပြောင်း၊ ဝါနှင့် မိုးစပါးအပြင် အခြားသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ နှမ်းစိုက်ပျိုးရာတွင် တစ်ဧကကို နှမ်းမျိုးစေ့နှစ်ပြည်ခန့်ကုန်ကျကာ စိုက်ပျိုးပြီး၍ နှမ်းပေါင်းနှုတ်၊ ကြားတိုက်၊ ဘောင်တင်ဆောင်ရွက်ပြီးချိန် တစ်လခွဲကြာလျှင် အပွင့်လိုက်သီးစပြုကြောင်း၊ နှမ်းမျိုးစေ့နှင့် စိုက်ပျိုး နည်းစနစ်အပေါ်မူတည်၍ စိုက်ပျိုးပြီးချိန် ရက်ပေါင်း ၉၀ နှင့် ၁၀၀ ကြားတွင် စတင်နှုတ်သိမ်းရကာ ရာသီဥတုမှန်ပြီး အသီးကောင်းလျှင် တစ်ဧက ပျမ်းမျှအထွက်နှုန်း ၅ တင်းမှ ၁၀ တင်းခန့်ထွက်ရှိကြောင်း သိရသည်။


မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်မိုးဖြင့် မိုးသီးနှံများကို တစ်နယ်လုံးစတင်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံအဖြစ် မိုးနှမ်းကိုဧကပေါင်း ၅၇၀၀၀ ကျော်စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  


မောင်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)