အသင်းရဲ့ ရည်မှန်းချက်ကတော့ တစ်ပွဲချင်းစီ အနိုင်ရအောင် ကစားပြီးတော့ ခြေစစ်ပွဲအောင်ဖို့ပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသင်းရဲ့ ရည်မှန်းချက်ကတော့ တစ်ပွဲချင်းစီ အနိုင်ရအောင် ကစားပြီးတော့ ခြေစစ်ပွဲအောင်ဖို့ပါ



မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းခေါင်းဆောင် ဖြူဖြူဝင်း


ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးယူ-၂၀ အသင်းသည် အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ပြင်ဆင်သည့်အနေဖြင့် AYA Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဂျပန်နိုင်ငံတွင် လေ့ကျင့်လျက်ရှိပြီး JFA အကယ်ဒမီ ဖူကူရှီးမား အမျိုးသား ယူ-၁၄ အသင်း၊ ဂျပန်အမျိုးသမီး လက်ရွေးစင်နှင့် ပရော်ဖက်ရှင်နယ် ကစားသမားများကို မွေးထုတ်ပေးနေသည့် Tokiwagi Gakuen High school women football team တို့နှင့် လေ့ကျင့်ခြေစမ်းပွဲ (Training match) များယှဉ်ပြိုင်ကစားခဲ့သည်။ သို့ဖြစ်ရာ ဂျပန်ခရီးစဉ် အတွေ့အကြုံ၊ အာရှခြေစစ်ပွဲ ရည်မှန်းချက်များနှင့်ပတ်သက်၍ အသင်း၏ စီနီယာ ကစားသမားတစ်ဦးဖြစ်သလို အားထားရသော ကစားသမား တစ်ဦးလည်းဖြစ်သည့် အသင်းခေါင်းဆောင် ဖြူဖြူဝင်းနှင့် မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။


မေး- ဂျပန်မှာလေ့ကျင့်ပြင်ဆင်နေတဲ့ အခြေအနေကို ပြောပေးပါဦး။

ဖြေ- ကိုယ့်ထက် အစစအရာအရာသာတဲ့ အသင်းတွေနဲ့ လေ့ကျင့်ခြေစမ်းရတာ ဖြစ်တဲ့အတွက် အတွေ့အကြုံတွေ အများကြီးရပါတယ်။ အဲ့ဒီကနေ မှားခဲ့တဲ့ အမှားတွေကို လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်လည်ပြုပြင်ပြီးတော့ ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားမှာပါ။


မေး- အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှယူ-၂၀ ဒုတိယအဆင့် ခြေစစ်ပွဲအတွက် အသင်းရဲ့ အခြေအနေကရော ဘယ်လိုအနေထားထိ ရောက်နေပြီလဲ။

ဖြေ- အသင်းကတော့ ကျွန်တော်တို့လို စီနီယာအသင်းက ကစားသမားတွေ မပူးပေါင်းခင်ကတည်းက အကောင်းဆုံး ပြင်ဆင်နေတာပါ။ အဆင်သင့်ဖြစ်နေပြီလို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကျတော့ ပြန်ပူးပေါင်းပြီးတဲ့နောက် အသင်းနဲ့ တသားတည်းဖြစ်အောင်လို့ လေ့ကျင့်နေပါတယ်။ ကျွန်တော်တို့က ခြေစစ်ပွဲ ပထမအဆင့် ပြီးကတည်းက စီနီယာအသင်းနဲ့ တွဲနေရတာပါ။ အငယ်တွေကတော့ ဆက်ပြီးတော့ စုဖွဲ့လေ့ကျင့်နေကြတာပေါ့။ ကျွန်တော်တို့ ဆီးဂိမ်းစ်ကနေ ပြန်ရောက်လာတဲ့အခါကျတော့ ကျွန်တော်တို့မှာရှိနေတဲ့ ဒဏ်ရာလေးတွေ ပျောက်ကင်းအောင် ကြိုးစားနေသလို အကြီးနဲ့ အငယ်နဲ့ ပြန်ပြီးချိတ်ဆက်မိအောင် ဒီဂျပန်ခရီးစဉ်ရဲ့ လေ့ကျင့်ခြေစမ်းပွဲတွေမှာ ကြိုးစားနေကြပါတယ်။ 


မေး- ငွေတံဆိပ်ဆုရခဲ့တဲ့ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲနဲ့ ပတ်သက်လို့ အမှတ်တရတခုခုလည်း ပြန်ပြောပေးပါဦး။

ဖြေ- ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းကို နှစ်ဂိုးရှုံးနေရာကနေ ကျွန်တော်တို့ အသင်းသားတွေ နောက်ကလိုက်ပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းနိုင်ခဲ့တာကို အမှတ်တရ အဖြစ်ဆုံးပါပဲ။ တသင်းလုံး စည်းစည်းလုံးလုံးနဲ့ကစားပြီး အနိုင်ရခဲ့တာဖြစ်လို့ တကယ့်ကို ဘဝမှာ မမေ့နိုင်တဲ့ အမှတ်တရတစ်ခုပါပဲ။ 


မေး- အာရှယူ-၂၀ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုတွင်းပြိုင်ဘက်တွေကိုရော ဘယ်လိုမြင်လဲ။

ဖြေ- နီပေါက ကျွန်တော်တို့ ယူ-၁၆ ပြိုင်ပွဲတုန်းက တွေ့ခဲ့တဲ့ ကစားသမား အများစုပဲ ပြန်ပါလာတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် သူတို့ကစားသမားတွေရဲ့ ပုံစံတွေကိုလည်း တော်တော်များများ သိထားပါတယ်။ တရုတ် (တိုင်ပေ) အသင်းကတော့ စုဖွဲ့ကစားတတ်တဲ့ အသင်းကောင်းတစ်သင်းလို့ သိထားပါတယ်။ တရုတ်ကတော့ အာရှအင်အားကြီး အသင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြင်ဆင်ထားပါတယ်။ 


မေး- ခြေစစ်ပွဲအတွက် အသင်းရဲ့ရည်မှန်းချက်ကိုလည်း ပြောပေးပါဦး။

ဖြေ- အသင်းရဲ့ ရည်မှန်းချက်ကတော့ တစ်ပွဲချင်းစီ အနိုင်ရအောင် ကစားပြီးတော့ ခြေစစ်ပွဲအောင်ဖို့ ရည်မှန်းထားပါတယ်။ 


မေး- ပရိသတ်တွေအတွက် တစ်ခုခု ပြောပေးပါဦး။

ဖြေ- အငယ်တွေနဲ့ အကောင်းဆုံးပေါင်းစပ် ကြိုးစားသွားမှာဖြစ်လို့ အားပေးကြဖို့ တောင်းဆိုပါရစေ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)