MNP ၊ မေ ၂၇
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ “ဟူသောဆောင်ပုဒ်နှင့်အညီ တနင်္သာရီ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက “မြန်မာ့ကျောင်းသီချင်း” ဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်သည်။
အခမ်းအနားတွင်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တစ်နိုင်ငံလုံးကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစတင်ကာ နှစ်စဉ်မေလနောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ် ကျင်းပခဲ့သည်မှာ ယနေ့အထိဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေပြီး (KG+9) အဆင့် ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးသောကျောင်းများကို ဆက်လက်တက်ရောက်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ခရိုင်အနေဖြင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် မြိတ်ခရိုင်တွင် အခြေခံပညာအထက်တန်း သမုတ်ကျောင်း တို့မှာ(KG+9)အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ အသက်မွေးဝမ်းကျောင်းပညာကို စိတ်ဝင်စားပါက ယခုပညာသင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ်မှစပြီး သင်ယူနိုင်ကြပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ ခရိုင်(၅၀)တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၅၁)ကျောင်းဖွင့်လှစ်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်အခမဲ့ ပညာရေး အစီအစဉ်အရ ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ နေပြီး အမှန်တကယ်ကျောင်းနေရန်အခက်အခဲရှိပြီး ချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေးပံ့ပိုးလျက်ရှိကြောင်း၊ မိမိတို့၏ရင်သွေးငယ်များ၊ မိမိပတ်ဝန်းကျင်ရှိကလေးများ “ပညာသင်ယူမှုအခွင့်အရေးမဆုံးရှုံးစေရန်၊ ပညာရေးမဝေးစေရန်” “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဆိုတဲ့ဆောင်ပုဒ်နှင့် အညီအချိန်မီကျောင်းအပ်နှံကြရန် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံရေးကို သက်ဆိုင်ရာမိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဝင်းနောင်က ကျောင်းအပ်နှံရေး လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကျောင်းသား/သူများအား ပညာရေးဝန်ကြီးဌာနက ထောက်ပံ့သည့် မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းဆင့်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ မူလတန်းဆင့်အတွက်ကျောင်းဝတ်စုံများပေးအပ်ကာ ကျောင်းသား/သူများက “ဇာတိမာန်သီချင်း" ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းမြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် လက်ခံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အခြေခံပညာ ကျောင်းတက်ရောက်သင်ကြားကြမည့် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံနှုတ်ဆက်သည်။
နိုင်ငံတော်က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းသားဝတ်စုံ(၁)စုံစသည့် ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေတစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း သိရပြီး အခြေခံပညာကျောင်းများတွင် အေးချမ်းစွာကျောင်းအပ်နှံရေးအတွက် ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment