တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ) အနေဖြင့် ကူညီကယ်ဆယ် ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ) အနေဖြင့် ကူညီကယ်ဆယ် ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်



တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)သည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(Mocha)ကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူလူထုအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများဖြစ်သော  ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဒီဇယ်၊ အဝတ် အထည်၊ မီးစက်၊ မိုးကာတဲများနှင့် တာပေါ်လင်အစများ၊ သွပ်နှင့်ဆက်စပ်ပစ္စည်းများ၊ ချိန်းဆောများ၊ စားအုန်းဆီများ၊ စည်သွပ်ဘူးများ၊ MPT Mobile Van ကားများ၊  ရေသန့်စင် စက်ကားများ စုစုပေါင်း တန် ၁၀၀၀ ခန့်အား လည်းကောင်း၊ စစ်တွေမြို့အတွင်း မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် လျှပ်စစ်မီးကြိုးများအား ပြင်ဆင်နိုင်ရန် လျှပ်စစ်လုပ်သား ၁၀၄ ဦး အပါအဝင် လူပေါင်း ၁၁၆ ဦးအား တင်ဆောင်၍ မေ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ပြီး စစ်တွေမြို့ Essar တံတားသို့ မေ ၁၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိဆိုက်ကပ်၍ လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်။


တပ်မတော်(ရေ)၏ အဓိကလုပ်ငန်းတာဝန်များတွင် ပါရှိသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး(HADR)တာဝန်များ၊ ဘေးအန္တရာယ်ကျရောက်သော ဒေသများတွင် အကူအညီပေးခြင်းနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက် ခြင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခြင်း၊ ပင်လယ်ရပ်ခြားရှိ မြန်မာ နိုင်ငံသားများအား အရေးပေါ်အခြေအနေတွင် ကယ်ထုတ်ခြင်းတာဝန်များကို ထမ်းဆောင် နိုင်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)အား ဖွဲ့စည်းတာဝန်ထမ်းဆောင်လျက်ရှိ ပါသည်။ HADR လုပ်ငန်းများအတွက် အထူး အားထားရသော  အကြီးဆုံးနှင့် ခေတ်အမီဆုံး စစ်ရေယာဉ် ဖြစ်ပါသည်။


စစ်ရေယာဉ်(မုတ္တမ)သည်  ကိုရီးယားနိုင်ငံ၊ Dae Sun Shipyard တွင် တည်ဆောက် ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်၌ တပ်မတော်(ရေ)တွင် တပ်တော်ဝင်၍ စတင်အသုံးပြုခဲ့ ပါသည်။ ရေယာဉ်အလျား ၁၂၅ မီတာ၊ အနံ ၂၂ မီတာ၊ ရေစူး ၄.၅ မီတာ၊ ဝန်ပြည့် အလေးချိန် ၇၃၀၀ တန်ရှိပါသည်။ ယာဉ်နှင့် ကုန်များအပြင် လူဦးရေ ၅၀၀ ဦး တင်ဆောင် နိုင်ကာ ၁၇ ကုတင်ဆန့် အသေးစားဆေးရုံတစ်ခုပါရှိပြီး ခွဲစိပ်ခန်း၊ ဓာတ်မှန်ခန်း၊ သွားဆေးခန်း၊ သူနာပြုခန်း၊ လူနာစမ်းသပ်ခန်းများ ပါရှိပါသည်။ ထို့အပြင် ရေကြီးရေလျှံ သည့်ဒေသများတွင် ကမ်းထိုး၍ ပစ္စည်းများ တင်ချဆောင်ရွက်နိုင်သည့် အလျား ၂၃ မီတာ၊ အနံ ၆ မီတာ၊ ရေစူး ၁.၂ မီတာရှိသည့် ကမ်းထိုး‌ရေယာဉ် ၂ စီးပါရှိသည့်အပြင် လေကြောင်းမှ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အကြီးစား/အလတ်စား ရဟတ်ယာဉ် ၂ စီး တင်ဆောင်နိုင်သည့် ကုန်းပတ်လည်း ပါရှိပါသည်။


တပ်မတော်(ရေ)တွင် စတင်တာဝန်ထမ်းဆောင်ချိန်မှစပြီး HADR တာဝန် များကို ထမ်းဆောင်ခဲ့ရာ၌ မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ လျက်ရှိသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့နှင့်အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက် အထိ ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းသို့ ရေမိုင်ပေါင်း ၁၈၄၀ မိုင် ခုတ်မောင်းပြီး ကူညီကယ်ဆယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။


စစ်ရေယာဉ်(မုတ္တမ)အနေဖြင့် “မိုခါ”(Mocha)မုန်တိုင်းအပြီးတွင် ဖြစ်ပေါ်လျက် ရှိသည့်ပင်လယ်ပြင်ရာသီဥတုဆိုးရွားမှုကို အန်တုပြီး ဒေသခံပြည်သူလူထုအတွက် လိုအပ်လျက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် သက်ဆိုင်ရာ ပညာရှင်များကို လိုအပ်သည့် နေရာသို့ အချိန်တိုအတွင်း ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီး ကူညီကယ်ဆယ် ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)