MNP ၊ မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့သမိုင်းဝင် နောင်နင်းရေထွက်တွင် ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအရ အဆိုပါ နောင်နင်းရေထွက်တွင်ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။မောက်မယ်မြို့နယ်တွင် ရေထွက်များ ပေါများသဖြင့် နှစ်စဉ်နယုန်လ အတွင်း နေရာဒေသအသီးသီး ကျေးရွာများအလိုက် ရိုးရာဓလေ့ ရေတောင်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ရေတောင်းပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းမှာ နောင်နင်းရေထွက်မှ ထွက်ရှိလာသော ရေသည်လယ်ယာမြေအတွက် လုံလောက်စွာ ပေးဝေနိုင်ခြင်း၊ မိုးလေဝသမှန်ခြင်း၊ ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံ ပေါများကြွယ်ဝခြင်းတို့ အယူရှိကြပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ ကျေးရွာများက ဒေသခံ ပြည်သူများနှင့် တောင်သူလယ်သမားများ တက်ရောက်ကာ ယမန်နေ့နေ့လယ် ၁၁ နာရီတွင်ပင့်ဖိတ် ထားသည့် သံဃာတော်များအား နေ့လယ်ဆွမ်းနှင့် ဘောဇဉ် ၊ ခဲဖွယ်၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ငါးပါးသီလခံယူ ပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများတို့အား ထမင်းထုတ်များဖြင့် မျှဝေခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရှမ်းအိုးစည်ဗုံမောင်းများတီး၍ လူဖိုင်း(ခေါ်)မီးရှုးလွတ်တင်ကြသည့် ဒေသခံရှမ်း တိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက် မိရိုးဖလာ အမူအကျင့် တစ်ခုပင်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost




No comments:
Post a Comment