MNP ၊ မေ ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်တက္ကသိုလ် (၁၂)ကြိမ်မြောက် နေ့သင်တန်းနှင့် ပထမအကြိမ် အဝေးသင်သင်တန်း ဘွဲ့နှင်းသဘင် အခမ်းအနားကို မေ ၂၇ ရက် နံနက် ၈ နာရီခွဲက တက္ကသိုလ်ဘက်စုံခန်းမ၌ စတင်ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန် က ဘွဲ့နှင်းသဘင်ဝတ်ရုံဝတ်ဆင်ခြင်း၊ ဘွဲ့အပ်နှင်းရန် တက္ကသိုလ် ပညာရေးအဖွဲ့က ပြဋ္ဌာန်းခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးခက်ထိန်နန် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်နှင့် သဟာရအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်သို့ အခမ်းအနားဖြင့် ဝင်ရောက်ခြင်း၊ ပါမောက္ခချုပ်ဒေါက်တာနေသွယ်ကြည် က ဘွဲ့ရမောင်မယ်များအား ဘွဲ့များအပ်နှင်းခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးခက်ထိန်နန် က ဘွဲ့ရမောင်မယ်များအား ဂုဏ်ပြုသြဝါဒစကားပြောကြားပြီး ပါမောက္ခချုပ်ဒေါက်တာနေသွယ်ကြည် က ဘွဲ့နှင်းသဘင် မိန့်ခွန်း ပြောကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဦးတူးဂျာ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဘွဲ့ယူကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဘွဲ့နှင်းသဘင်ကို မေ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များအတွက် တက်ရောက်ဘွဲ့ယူသူ (၁၂၄)ဦးနှင့် အဝေးရောက်ဘွဲ့ (၃၆)ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့များအတွက် တက်ရောက်ဘွဲ့ယူသူ (၁၂၁)ဦးနှင့် အဝေးရောက်ဘွဲ့ (၂၅)ဦးဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment