နွေရာသီအဆင့်မြင့် အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ၂၆၃ ဦး စုပေါင်း သင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေရာသီအဆင့်မြင့် အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ၂၆၃ ဦး စုပေါင်း သင်တန်းဆင်း




MNP ၊ မေ  ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နွေရာသီအဆင့်မြင့်အားကစားသင်တန်းကို အားကစားနည်း (၆)နည်းဖြင့် ရက်သတ္တပတ်(၃)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးခဲ့ရာ ယမန်နေ့နံနက် ၈ နာရီခန့်က မိုးလုံလေလုံအားကစားခန်းမ၌ အားကစားဝါသနာရှင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၆၃)ဦး စုပေါင်း သင်တန်း ဆင်းခဲ့ကြသည်။


သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အားကစားလှုပ်ရှား ဆောင်ရွက်မှုမှတဆင့် ဖွံ့ဖြိုးတိုးတက်လာသော ဗလငါးတန်ကိုအသုံးချပြီး ကရင်ပြည်နယ်နှင့် နိုင်ငံတော်၏ နောင်အနာဂတ်ကာလများတွင် အားကိုးအားထားပြုလောက်သည့် ထူးချွန်ထက်မြတ်သူများအဖြစ် မိမိကိုယ်ကို ပြုစုပျိုးထောင် သွားကြရန်တိုက်တွန်းလိုကြောင်း၊ အားကစားကို အောင်မြင်အောင်ဖော်ဆောင်ခြင်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင် ပေးနိုင်ကြသူများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က သင်တန်းထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က သင်တန်း နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။


ယင်းနောက် ကရာတေးဒိုအားကစားအဖွဲ့မှ သရုပ်ပြသခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက နွေရာသီအဆင့်မြင့် အားကစားသင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။


အလားတူ ကရင်ပြည်နယ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ Grade 9 နှင့် Grade 12 သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတစ်နိုင်ငံ၏ အဓိကလိုအပ်ချက်သည် ပညာရေးဖြစ်ပြီး ပညာရေးကောင်းမွန်ရန် ဆရာကောင်းများလိုအပ်ကာ ပညာရေးကိုမြှင့်တင်ရာတွင် အဓိအကျဆုံးပုဂ္ဂိုလ်များမှာ ဆရာများဖြစ်ကြကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က စတင်ကာ    KG + 12 သင်ရိုးသစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုပညာသင်နှစ်တွင် Grade 9 နှင့်  Grade 12 အတန်း များကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်သဖြင့် သင်ကြားရမည့်ဆရာ၊ဆရာမများအားလုံး သင်ကြားရေးတွင် အခက်အခဲမရှိစေရန် ယခုကဲ့သို့သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ Digital ခေတ်နှင့်လိုက်လျောညီထွေ တိုးတက်လာစေရန်အတွက် မရှိမဖြစ်လိုအပ်သော IQ ၊ EQ နှင့် (၂၁)ရာစု အရည်အချင်းစံနှုန်းများကိုမြှင့်တင်ရန် ကျောင်းသား၊ကျောင်းသူများကို သင်ကြားပေးရမည်ဖြစ်၍ ဆရာ၊ဆရာမတစ်ဦးချင်းစီက မိမိတို့၏အရည်အသွေးများ စဉ်ဆက်မပြတ်တိုးတက်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Grade 9 သင်ရိုးသစ်ဆင့်ပွားသင်တန်းတွင် ဘားအံတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ သင်တန်းသား၊သင်တန်းသူ ဆရာ၊ ဆရာ (၁၆၉)ဦး၊ Grade 12 သင်ရိုးသစ်ဆင့်ပွားသင်တန်းတွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၂၁၃)ဦး စုစုပေါင်း ၁၃၈၂ ဦးအတွက် ငွေကျပ် ၁၃၈၂၀၀၀၀ (တစ်ရာသုံးဆယ်ရှစ်သိန်းနှစ်သောင်းကျပ်)ကို ထောက်ပံ့ ပေးအပ်သည်။


ယင်းနောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဆင့်ပွားသင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချသင်ကြားပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က သင်တန်းသား၊ သင်တန်းသူများအတွက် ပါးစပ်နှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ အခြေခံပညာ ဆရာ၊ ဆရာမများက ဆရာ့ဂုဏ်ရည်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ပြည်နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် (၅ကြိမ်) ထိုးနှံရခြင်းမရှိသေးသော ဆရာ၊ ဆရာမများ အား ကာကွယ်ဆေးထိုးနှံပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost






 


 


 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)