အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်


MNP ၊ မေ ၁၆

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များ က လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆန်အိတ် ၁၀၀ အိတ်၊ ရေသန့်ဘူးများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွပ်ဘူးများနှင့် စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ၊ ဆေးပစ္စည်းများနှင့် ကူညီ ကယ်ဆယ်ရေးအဖွဲ့များကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေ လေဆိပ်သို့ ပထမအကြိမ် ဖြင့်လည်းကောင်း၊ ဆန်အိတ် ၁၈၀ အိတ်၊ တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် စည်သွပ်ဘူး များဖြစ်သည့် ကြက်သားအာလူး၊ ငါးတန် အချိုပေါင်း၊ ငါးသားလောက်၊ သီးစုံဘူးများ၊ ဘီစကစ်ထုပ်များ၊ ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများကို တင်ဆောင်၍ ဒုတိယအကြိမ်ဖြင့်လည်းကောင်း သွားရောက်ပို့ဆောင်ပေးသည်။


အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း ဓာတ်ဆား ၆၅ ဖာ၊ ပစ္စည်းစုံ စက္ကူဖာ ၇ ဖာ၊ မီးစက်အကြီး ၁ လုံး၊ စားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ လေဆိပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးသည်။


အဆိုပါ တပ်မတော်လေယာဉ်များဖြင့် စစ်တွေလေဆိပ်သို့ ရောက်ရှိလာသော ပစ္စည်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)