NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန် ၏ တပည့်များ သာကေတမြို့နယ် ရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှုကျူးလွန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန် ၏ တပည့်များ သာကေတမြို့နယ် ရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှုကျူးလွန်












MNP ၊ မေ ၁၆

၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက် ၁၀:၃၀ နာရီတွင် သာကေတမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အား NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန်၏ တပည့်များက ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ပါသည်။


သို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော အကြမ်းဖက် ဓားပြတိုက်လုယက်မှုများကို မလိုလားသည့် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့ချက်များအရ ဓားပြတိုက်လုယက်ရာတွင် ပါဝင်သူများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူများသည် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ယင်းနေ့ ၁၄၀၀ နာရီတွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၄)လမ်း၊ အိမ်အမှတ်(၅၅၉)၌ တရားခံ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးနှင့် ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့အား ပွိုင့်-၃၈၀ ကျည် ၅၈ တောင့်၊ ၉ မမကျည် ၄၃ တောင့်၊ ပွိုင့်-၃၈၀ ကျည်အိမ် ၁ ခု၊ ရှို့ပစ်လက်လုပ်ဗုံး ၂ လုံး၊ ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့သည့် ရွှေဆွဲကြိုး ၂၅၆  ကုံး၊ ရွှေနားကပ် ၁၅၃ ရံ၊ ရွှေဆွဲသီး ၅၄ ခု၊ ရွှေဆံညှပ် ၁၅ ခု၊ ရွှေလက်ကောက် ၃၆၃ ကွင်း၊  ရွှေလက်စွပ် ၆၃၁ ကွင်း၊ ဟန်းချိန်း ၉၁ ခု၊ ငွေကျပ် ၃၀ သိန်းတို့နှင့်အတူ  ဖြစ်စဉ်ဖြစ်ပွားပြီး ၄ နာရီအတွင်း ပြန်လည်ဖမ်းဆီး ရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး ၏ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် အင်းစိန်ပန်းခြံ၌ တရားခံ စကင်မရွန်းဇင် အားလည်းကောင်း၊ အင်းစိန် မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ “ရွှေကောင်းကြွယ်” လက်ဘက်ရည်ဆိုင်၌ တရားခံ မင်းခန့်မောင် အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ မင်းခန့်မောင်၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက် ပိုင်းတွင် လှည်းကူးမြို့နယ်၊ မေဃဝတီရပ်ကွက်၌ တရားခံ ကျော်မင်းဝေ(ခ)ဝေကြီးနှင့် ဇေယျာအေး(ခ)ဇေယျာတို့အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၄ ကွင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၅)လမ်း၊   တိုက်အမှတ်(၁၀၅)၌ တရားခံ နိုင်ဦး(ခ)စွန်ရဲအား Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀  ကျည် ၂၀ တောင့်၊ ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလော့ကတ်သီး ၁ ခု၊ ရွှေဆွဲပြား ၂ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 


ဖမ်းဆီးရမိတရားခံ နိုင်ဦး(ခ)စွန်ရဲ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပတ္တမြား(၃)လမ်း၊ အိမ်အမှတ်(၅/၇၆၈)၌ ဓားပြတိုက်လုယက်ရာတွင် အသုံးပြုခဲ့သော လက်နက်/ခဲယမ်းများအား သိမ်းဆည်းပေးသူ လင်းဦးအား လက်ပစ်ဗုံး ၃ လုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။


ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦးနှင့်အတူ Glock ပစ္စတို ၁  လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၂၁  တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှို့ပစ်လက်ပစ်ဗုံး ၂ လုံးတို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက် လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၄,၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် ငွေကျပ် ၃၀ သိန်းတို့အား တာဝန်သိ ပြည်သူ များ၏ သတင်းပေးပို့မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် အရှိန်အဟုန်မြှင့် စစ်ဆေးရှာဖွေဖော်ထုတ်မှုများကြောင့် ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စကင်မရွန်းဇင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ဖမ်းဆီးရန်ကျန်တရားခံ ကျော်လင်းညို ၏ ချိတ်ဆက်ပေးမှုဖြင့် လိုင်ဇာမြို့အနီးရှိ KIA စခန်းတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက် ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် Anti-Dictatorship Revolution People’s Army- DRPA အမည်ခံ အကြမ်းဖက်အဖွဲ့အား အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ခြင်း၊  ငွေကြေးချမ်းသာသူများအား လက်နက်ဖြင့် ခြိမ်းခြောက်၍ ငွေကြေးရယူခြင်း၊ ဓားပြတိုက်ခြင်းများ ဆောင်ရွက်ရန်ရည်ရွယ်ပြီး အကြမ်းဖက်အုပ်စု NUG မှ တရားခံပြေး ရည်မွန်၏ စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေ ခေါင်းဆောင်၍ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး၊ မင်းခန့်မောင်၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်နှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ကိုထွန်း၊ ဇင်လင်းထွန်း(ခ) ဇင်ကြီး၊ ဂျက်ပလက်၊ အာကာ၊ ပင်လယ်၊ လရောင်၊ ကျော်ကြီး၊ သာကြီး၊ သူရိန် အပါအဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် တရားခံပြေး ရည်မွန်သည် ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ၄ လုံးတို့အား ဖမ်းဆီးရန်ကျန်တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေ ထံသို့ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ DRPA အမည်ခံအကြမ်းဖက်အဖွဲ့ အနေဖြင့် အောက်ပါလုပ်ကြံသတ်ဖြတ်မှု၊ အကြမ်းဖက်ဖောက်ခွဲမှုများ ကျူးလွန်ခဲ့ကြောင်း-


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(စတုတ္တပတ်)တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးနှင့် ဖမ်းဆီးရန် ကျန်တရားခံ သူရိန်တို့သည် လှည်းကူးမြို့၊ မြို့ကြီးကုန်းရပ်ကွက်၊ ရွှေသရဖီလမ်းနေ အပြစ်မဲ့ပြည်သူ ဖိုးခွား အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။ 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ဖမ်းဆီးရန်ကျန်တရားခံ သူရိန်တို့သည် လှည်းကူးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ DRPA အမည်ခံအကြမ်းဖက် အဖွဲ့အနေဖြင့် အောက်ဖော်ပြပါ ဓားပြတိုက်လုယက်မှုများအား ကျူးလွန်ခဲ့ကြောင်း-

- ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာရှိ “လသာသာ” အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်အား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ အား ဓားပြတိုက် လုယက်ခဲ့ကြောင်း။


- ဧပြီလ ၃ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးမှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး (ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ) ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် ကျောက်တံတားမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ လမ်း(၄၀)၊ အလယ်ဘလောက်ရှိ Kaung Lay Mobile ဖုန်းဆိုင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ နှင့် I Phone ၁၀ လုံးတို့အား ဓားပြတိုက်လုယက်ခဲ့ကြောင်း။


- မေလ(ပထမပတ်)တွင် ရန်ကုန်မြို့ပေါ်ရှိ အမျိုးသမီးဝန်ထမ်းများသာ ခန့်အပ်ထားသည့် ရွှေဆိုင်များအား အဓိကပစ်မှတ်ထား၍ ဓားပြတိုက်လုယက်ရန် လိုက်လံရှာဖွေခဲ့ကြောင်း၊ သာကေတမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဧရာဝဏ် လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်တွင် အမျိုးသမီးဝန်ထမ်း ၃ ဦးသာ ခန့်အပ်ထားကြောင်း တွေ့ရှိရသဖြင့် ဓားပြတိုက်လုယက်ရန်သတ်မှတ်၍ ဝင်လမ်းထွက်လမ်းများအား ကြိုတင်အခြေအနေကြည့်ခဲ့ပြီး မေလ ၁၃ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးမှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ) ခိုင်စိုး တို့သည် “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်သို့ သွားရောက်၍ ဆိုင်ပိုင်ရှင်နှင့်အမျိုးသမီးဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


DRPA အမည်ခံအကြမ်းဖက်အဖွဲ့၏ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက် လုယက်ခဲ့သည့်ဖြစ်စဉ်တွင် တရားခံများမှ ရွှေထည်ပစ္စည်းများအား ဝေစုမခွဲမီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အချိန်နှင့်တစ်ပြေးညီမဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်မှုနှင့် တာဝန်သိပြည်သူများ၏ အချိန်နှင့်တစ်ပြေးညီ လျှို့ဝှက်သတင်းပေးပို့ပူးပေါင်းပါဝင် ခြင်းများကြောင့် ဓားပြတိုက်လုယက်သည့်ခေါင်းဆောင်နှင့် ရွှေထည်ပစ္စည်းများအား  ၄ နာရီအတွင်းဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်မှုဖြစ်စဉ်ပါ ကျန်တရားခံများနှင့် လက်နက်ခဲယမ်းများအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ဆုငွေများချီးမြှင့်ပေး မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးတို့အတွက် နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)