တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်






MNP ၊    ဇွန်   ၁၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများအား ၂၀၂၃-ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်၍ ကျောင်းသား/သူများအား ပညာသင်ကြားပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။


ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းဝင်းအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း ခြင်များပေါက်ဖွား နိုင်သည့် ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာဟောင်းများနှင့်စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်း ဝင်း အတွင်း/အပြင်ရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝင်း အတွင်းရှိ ရေစည်၊ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ် ဆေးများ လိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်း ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ခြင်ဆေးများ မှုတ်ပေးခြင်း စသည်ဖြင့် ကျောင်းသား/သူများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက် ရောဂါများ ဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးခဲ့ကြသည်။


တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်‌ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင် များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး  ကပ်ရောဂါအသွင်ဖြစ်ပွားမှုမှာ နှစ်နှစ်လျှင်တစ်ကြိမ်(သို့မဟုတ်) သုံးနှစ်လျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာ နိုင်ငံ၌ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားခဲ့ကြောင်း၊ တာမွေ မြို့နယ်၌ ၂၀၂၂-ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ (၁၂၂)ဦး ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ ယခု ၂၀၂၃-ခုနှစ်တွင် ဇန်နဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၅)ဦးအထိ ရှိလာခဲ့ပြီးဖြစ်တာကြောင့် အခုလို မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ဦးစားပေးအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအပြင် ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကရုံးဌာနများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် များ၊ စျေးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ အခြားအများနှင့်သက်ဆိုင်သော နေရာများ၊ ရပ်ကွက်များရှိ လူနေအိမ်များ၊ လမ်းများတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်း ရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)