MNP ၊ ဇွန် ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၁)ရပ်ကွက်တွင် လစ်လပ်လျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာအား ပြင်ဆင်ဖွဲ့စည်းထားသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ရွေးချယ်ခြင်းကို တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဇာနည်တိုး၊ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ အရွေးချယ်ခံ ရာအိမ်မှူးများနှင့် ရပ်မိရပ်ဖများပါဝင်၍ အမှတ်(၁)ရပ်ကွက်ရှိ မူလာရာမသိမ်တောင်ဘုန်းတော်ကြီးကျောင်း၊ ဆွမ်းစားဓမ္မာရုံ၌ ဇွန်လ(၁၆)ရက်၊ သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရွေးချယ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်ရန်ဆန္ဒရှိသည့် ရပ်မိရပ်ဖ ငါးဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းများရယူ၍ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ တစ်ဆက်တစ်စပ်တည်း အစဉ်လိုက်ဖြစ်သော ဆယ်အိမ်စုအစုအဖွဲ့နှင့် ရာအိမ်စုအစုအဖွဲ့တို့ကို ဖွဲ့စည်းခဲ့သည်။ ဆက်လက်၍ ဆယ်အိမ်စုကိုယ်စားလှယ်များအားလုံးက လျှို့ဝှက်ဆန္ဒမဲပေး၍ ဆန္ဒမဲအများဆုံးရရှိသော ပုဂ္ဂိုလ်၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက အိမ်ထောင်စုကိုယ်စားလှယ်များမှ အများဆန္ဒနှင့် ရွေးချယ်ခဲ့သည့် ဦးအောင်မင်းကြည်အား နိုင်ငံတော်နှင့် ရပ်ရွာဒေသအကျိုးကို စေတနာထက်သန်စွာ တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံ၍ ရပ်ရွာက ကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေခြင်းဖြစ်ကြောင်း ပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို နေ့လယ်ပိုင်းတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost



No comments:
Post a Comment