ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ





MNP ၊    ဇွန်   ၁၇

ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာအစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပြီး ငွေဆောင်နှင့်ချောင်းသာကမ်းခြေများသို့ ခရီးသွားများဝင်ရောက်မှု များပြားပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးသော်လည်း ပြည်တွင်းခရီးသွားများဝင်ရောက်မှု များပြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရီးစဉ်သစ်များဖော်ဆောင်ရန် လည်းလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်  ကမ်းခြေအလှ၊ သဘာဝဒီရေတောများဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားခြင်းကြောင့် ခရီးသွားများလာရောက်စေရန် ဆွဲဆောင်မှုဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများ၌ အနားယူအပန်းဖြေသည့် အဆောက်အဦများ ဆောက်လုပ်ရာတွင်လည်း စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပြီး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ရာတွင် ကမ်းခြေခရီးသွားလုပ်ငန်းအပြင် အခြားသော နေရာဒေသများသို့ပါ သွားရောက်နိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ရှေးဟောင်းသမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိက အဆောက်အဦ၊ ရုံးအဆောက်အဦများ တည်ရှိရာဒေသဖြစ်သဖြင့် သွားရောက်လေ့လာ လည်ပတ်နိုင်ရေး ဖော်ဆောင်ကြစေလိုကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် မြေအသုံးချမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်ကလည်း စိစစ်ကြပ်မတ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန်” အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေအရ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းထားရှိမှုအားလည်းကောင်း၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ၄၀(ဍ)အား သဘောထားမှတ်ချက် ပြန်ကြားနိုင်ရေးကိစ္စအားလည်းကောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့အတွက် ကြိုတင်ခွင့်ပြုမိန့် ခွင့်ပြုနိုင်ရေး အားလည်းကောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ လိုင်စင်ခွင့်ပြုပေးနိုင်ရေး ကိစ္စများကိုရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီး နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေပေးသွင်းပြီးဖြစ်သည့် ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်များ၏ သက်တမ်းတိုးများကို  ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ မှတ်တမ်းတင်ပေးပါရန် တင်ပြခဲ့သည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့များနှင့် တတ်သိပညာရှင်၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ဝိုင်းဝန်း ဆွေးနွေးခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရေး နေရာဒေသသဘာဝအလှအပများဖြင့် သက်ဆိုင်သည့်ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ကြစေရေးနှင့် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)