MNP ၊ ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းလာရာ နေအိမ်များအတွင်းသို့ တောင်ကျရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လားရှိုးမြို့၊ အမှတ်(၅) ရပ်ကွက်၊ အထက်မန်အိုင်ရှိ နေအိမ်တစ်အိမ်အတွင်းသို့ ရေများစုပြုံဝင်ရောက်ခဲ့ပြီး နေအိမ်တစ်ဝက်နစ်မြှုပ်သည်အထိ ရေနစ်မြှုပ်ခံခဲ့ရကြောင်း သိရသည်။
ထိုဖြစ်စဉ်ဖြစ်ပွားရာသို့ လားရှိုးမြို့ရှိ ပရဟိတအသင်းအဖွဲ့များဖြစ်သည့် လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့၊ ကမ်းလင့်လက်များဆုံဆည်းရာ ပရဟိတအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ရေနစ်မြှုပ်သည့် နေရာသို့သွားရောက်ကာ နေအိမ်အတွင်းရှိရေများအား ရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ နေအိမ်အုတ်တံတိုင်းအား ဖြိုချကာရေများဖောက်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်အတွင်း တောင်ကျရေများ စီးဝင်ခဲ့သည့်ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိပဲ နေအိမ်နှင့်နေအိမ်အတွင်းမှ ပစ္စည်းများသာ ရေနစ်မြှုပ်ခံခဲ့ရကြောင်း သိရသည်။
လားရှိုးမြို့သည် တောင်တန်းများ ပတ်လည်ဝန်းရံထားသည့် မြို့ဖြစ်သည်နှင့်အညီ မိုးသည်းထန်စွာ ရွာသွန်းပါကရပ်ကွက်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခြင်း၊ လမ်းရေကျော်မှုများဖြစ်ပွားခြင်း၊ လယ်ယာမြေများ ရေနစ်မြုပ်မှုများဖြစ်ပွားခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment