MNP ၊ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဝါဆို ဝါကပ်တော်မူကြမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် ကျောင်းတိုက်အတွင်း/အပြင်စုပေါင်းသန့်ရှင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်က ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများပူးပေါင်းကာ ကျောင်းတိုက်အသီးသီးတို့၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့်အဖွဲ့ဝင်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက သထုံမြို့နှင့် သုဝဏ္ဏဝတီမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းတိုက်ဝန်းကျင် ခြင်အန္တရာယ်ကင်းရှင်းရေးနှင့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် အမှိုက်များ၊ မြက်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ကျောင်းတိုက်အတွင်း သံဃာတော်များ သီတင်းသုံးရာနေရာများနှင့် ရေချိုးခန်း၊ ကုဋီစသည်တို့ကို သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ဖြင့် စုပေါင်းလုပ်အားဒါနပြုခဲ့ကြသည်။
သထုံမြို့နယ်တွင် ပရိယတ္တိစာသင်တိုက်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းစုစုပေါင်း ၃၄၀ ကျော်ခန့်ရှိပြီး ရဟန်း၊ သာမဏေစုစုပေါင်း ၆၄၀၀ ခန့် ဝါဆိုဝါကပ်တော်မူကြမည့်ဖြစ်ရာ အဆိုပါ ကျောင်းတိုက်အားလုံးတို့၌ လုပ်အားဒါနပြုခြင်းများကို လိုက်လံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment