အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၇)ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၇)ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပ


MNP ၊ ဇူလိုင် ၅

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံး များအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI)၏ (၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (7th Senior Officials’ Meeting)ကို ယမန်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ ASEANSAI အဖွဲ့ဝင် ၁၀ နိုင်ငံ၏ အထင်ကရနေရာများပါဝင်သည့် ဗီဒီယိုနှင့် ASEANSAI သီချင်းတို့ကို ပြသ၍ အစည်းအဝေးကို ဖွင့်လှစ်ပြီး ASEANSAI အတွင်းရေးမှူးချုပ် Mr. Bahtiar Arif က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

အစည်းအဝေးသို့ ASEANSAI အတွင်းရေးမှူးချုပ်ရုံးနှင့် ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထို့နောက် ASEANSAI ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာနှင့်အဝန်း ဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ASEANSAI အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲများကို Virtual စနစ်ဖြင့် ဆောင်ရွက်ခဲ့ရပြီး လုပ်ငန်း ဆောင်ရွက်မှုအချို့တွင် နှောင့်နှေးခြင်းများရှိခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံအားလုံး အကောင်းဆုံးဝိုင်းဝန်း ကြိုးစားဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ASEANSAI အနေဖြင့် အာဆီယံနိုင်ငံများအတွင်း SAI လွတ်လပ်မှုဆိုင်ရာ ပူးပေါင်းသုတေသန ဆောင်ရွက်မှုအတွက် အသိပညာအလုပ်ရုံဆွေးနွေးပွဲ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများ၊ (၅) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးနှင့် အသိပညာမျှဝေရေးကော်မတီ အစည်းအဝေးများ ကျင်းပဆောင်ရွက်နိုင်ခဲ့မှုများသည် အဖွဲ့ဝင်နိုင်ငံများနှင့် လုပ်ငန်းကော်မတီ အသီးသီးတို့၏ ကြိုးပမ်းအားထုတ်မှု ရလဒ်များပင်ဖြစ်ပါကြောင်း၊ SAI Myanmar အနေဖြင့် ASEANSAI ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မိသားစုဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှု အသီးအပွင့်များကိုလည်း အတူတကွ ရရှိခံစားခဲ့ရပါကြောင်း၊ ရှေ့ကာလများတွင်လည်း ထိရောက် အောင်မြင်သည့် ASEANSAI အဖွဲ့အစည်း တစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ASEANSAI စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြင်ဆင်ရန်အချက်များ၊ ကော်မတီ အသီးသီး၏ ၂၀၂၄ -၂၀၂၅ လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာများ၊ ASEANSAI နှင့် ဆွီဒင်နိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ (မူကြမ်း) တို့ကို ASEANSAI အတွင်းရေးမှူးချုပ်နှင့် ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြပြီး အပြန် အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၇)ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး ဒုတိယနေ့ကို ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး ASEANSAI အတွင်းရေးမှူးချုပ် သက်တမ်းတိုးခန့်အပ်ခြင်း၊ (၇) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကျင်းပမည့် အစီအစဉ်(မူကြမ်း) နှင့် ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ်များအတွက် လုပ်ငန်း ကော်မတီဥက္ကဋ္ဌများ ခန့်အပ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ASEANSAI ဥက္ကဋ္ဌတာဝန်လွှဲပြောင်းနိုင်ရေးအတွက် ကျင်းပသည့် အကြိုအစည်းအဝေး ဆက်လက်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၇)ကြိမ်မြောက် အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးများကို ဇူလိုင် ၃ ရက်ကလည်း Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း နှင့် အစည်းအဝေးသို့ ASEANSAI အတွင်းရေးမှူးချုပ် ရုံးနှင့် ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)