(၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ


MNP ၊ ဇူလိုင် ၆

(၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD) ကို မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဦးစွာ ASEAN သီချင်းဖြင့် ဖွင့်ပွဲအခမ်းအနားကိုဖွင့်လှစ်ပြီး ASEAN နိုင်ငံများ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်များ Video Clip ကို ပြသသည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ တိုးတက်လာသည့် ခေတ်စနစ်အခြေအနေနှင့် နည်းပညာဆန်းသစ်မှုများအရ မူးယစ်ဆေးဝါးပြဿနာသည် လွန်စွာရှုပ်ထွေးလာပြီး တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်းနှင့် မှောင်ခိုလုပ်ငန်းများသည် အာဆီယံဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်အရှိဆုံး ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်မှုပုံစံနှင့် လမ်းကြောင်းများ ပြောင်းလဲသွားခြင်းသည် တားဆီးနှိမ်နင်းရေး လုပ်ငန်းများအပေါ် စိန်ခေါ်မှု အခက်အခဲများကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ယနေ့ ကမ္ဘာ့နိုင်ငံ အများစု၏ မျိုးဆက်သစ်လူငယ်များအကြားတွင်လည်း အလွယ်တကူဝယ်ယူရရှိနေသည့် လူလုပ်မူးယစ်ဆေးဝါးသုံးစွဲမှုများသည် များပြားလာကြောင်း၊ Happy Water ကဲ့သို့ စိတ်ပြောင်းဆေးဝါးအသစ်များသည်လည်း နေ့စဉ်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လျက်ရှိနေ ခြင်းကြောင့် အနာဂတ်ကာလ မူးယစ်ဆေးဝါးပြဿနာ၏ စိန်ခေါ်မှုအသစ်များနှင့် ဆက်လက် ရင်ဆိုင်နေရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှု အခြေအနေများနှင့် သယ်ဆောင်ရာလမ်းကြောင်း ပြောင်းလဲမှုများအပေါ်သုံးသပ်ပြီး အထူးစစ်ဆင်ရေးများကို စနစ်တကျစီမံချက်ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း လာအို၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် Operation 1511 / 22 သည် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ လက်ရှိတွင်လည်း မူးယစ်ဆေးဝါးနှင့် ပရီကာဆာဓာတုပစ္စည်းများ တားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးစစ်ဆင်ရေး Operation 39 ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

အာဆီယံနိုင်ငံများအချင်းချင်း သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ မျှဝေဖလှယ်မှု များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်သည် လူသားမျိုးနွယ်အားလုံးကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်စိန်ခေါ်လျက်ရှိသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာဖြင့် အတူတကွပူးပေါင်းကာ တူညီသောဘုံရည်မှန်းချက်ဖြင့် နီးကပ်စွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် (၄၃) ကြိမ်မြောက် ASOD အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် မလေးရှားနိုင်ငံ ASOD ခေါင်းဆောင်က (၄၄) ကြိမ်မြောက် ASOD အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံ ASOD ခေါင်းဆောင် ရဲမှူးချုပ် ဝင်းနိုင်ထံ သဘာပတိ တာဝန်ကို လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ASOD ခေါင်းဆောင်များဦးဆောင်သည့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံး၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့(AFP)တို့မှ ကိုယ်စားလှယ်များသည် ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ယခင်အစည်းအဝေးများ၏ ရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု၊ အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုလသမဂ္ဂမူးယစ်ဆေးဝါးကော်မရှင် (Commission on Narcotic Drug, CND) ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေမှုနှင့် (၆၇) ကြိမ်မြောက် CND အစည်းအဝေးတွင် အာဆီယံ ကြေညာစာတမ်း တင်ပြနိုင်ရေးကိစ္စရပ်များ၊ 45th ASOD အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၅ ရက်တွင် 44th ASOD လုပ်ငန်းအဖွဲ့(၅)ဖွဲ့ဖြစ်သော ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၊ တားဆီး နှိမ်နင်းရေးလုပ်ငန်းအဖွဲ့၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့နှင့် သုတေသနလုပ်ငန်းအဖွဲ့တို့၏ အစည်းအဝေးများကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကာ အစည်းအဝေးတွင် ပြည်သူလူထုအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆောင်ရွက်နေမှုများ၊ ဆေးစွဲလူနာများကုသပေးမှု အခြေအနေများနှင့် လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးဆောင်ရွက်နေမှုများ၊ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း/ ဒေသပြင်ပ မူးယစ်ဆေးဝါးအခြေအနေများနှင့် ပရီကာဆာဓာတုပစ္စည်း ထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ၊ ပိုမိုကြီးထွားလာသည့် လူလုပ်မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းနှင့် 44th ASOD အစည်းအဝေးသို့ အာဆီယံနိုင်ငံများအပါအဝင် မိတ်ဘက်နိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)