ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် နေရပ်ပြန်ကြမည့် ရခိုင်တိုင်းရင်းသားများအား ထောက်ပံ့ငွေများပေးအပ်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် နေရပ်ပြန်ကြမည့် ရခိုင်တိုင်းရင်းသားများအား ထောက်ပံ့ငွေများပေးအပ်ပွဲသို့ တက်ရောက်





MNP ၊  ဩဂုတ်  ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို သြဂုတ် ၁၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကချင်ပြည်နယ်၌ ပထမဆုံး ဖွင့်လှစ်တည်ဆောက်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာသွားအဝင်လမ်း ဘေးဝဲ/ယာတွင် ကျင်းပပြုလုပ်သည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအဝင်လမ်း အရှည် ၁ မိုင် ၁ ဖာလုံလမ်းတစ်လျှောက် လမ်းဘေး ဝဲ/ ယာတို့တွင် မလေးရှားကုက္ကိုလ်၊ ရေထောက်ကြံ့၊ ရေပိတောက်၊ ယမနေ၊ မျောက်လုပ်၊ ဂျီစားတမာ၊ မယ်ဇလီ၊ မဟော်ဂနီ၊ ထင်းရှူးစသည့် အရိပ်ရအပင်ကြီးမျိုး ၆၀၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် နေရပ်ပြန်ကြမည့် ရခိုင်တိုင်းရင်းသားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အသက်မွေးဝမ်းကျောင်းပြုရန်အတွက် အလုပ်အကိုင်အသစ်ရှာဖွေရန်နှင့် ကြီးပွားတိုးတက်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် မိမိတို့ ဆန္ဒအလျောက် ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းသွားလာရပါကြောင်း၊ သို့ရာတွင် ယခုလို ပြည်ပ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ်အကိုင်ရှာဖွေပေးမည့် ပွဲစားများ၏ စည်းရုံးခေါ်ဆောင်မှုများအား ယုံကြည်၍ အထောက်အထားစာရွက်စာတမ်းများ ပြည့်စုံစွာမပါရှိခြင်းတို့ကြောင့် မြစ်ကြီးနားမြို့၊ တည်းခိုခန်းများတွင်  မိဘဆွေမျိုးများနှင့် အဆက်အသွယ်ပြတ်တောက်ခြင်း၊ အချိန်ကြာမြင့်စွာအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရသဖြင့် မိမိတို့အနေဖြင့် ရှာဖွေကယ်ဆယ်ပေးခဲ့ပြီး နေရပ်ပြန်ရေးအတွက် အခက်အခဲများရှိသည့်အတွက်ကိုလည်း မိမိတို့ညီနောင်တိုင်းရင်းသားများအား ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းတို့က နေရပ်ပြန်ကြမည့် ရခိုင်တိုင်းရင်းသား (၄၂)ဦးတို့အတွက် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၈၄ သိန်းကို‌ထောက်ပံ့ပေးအပ်ခဲ့ကြရာ ရခိုင်တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေရပ်ပြန်ကြမည့်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့သည်။


အဆိုပါ ရခိုင်တိုင်းရင်းသား(၄၂)ဦးတို့သည် ရခိုင်ပြည်နယ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားများမှ စည်းရုံးခေါ်ဆောင်ခဲ့ကြပြီး ပြည်ဝင်ခွင့်အတွက် စာရွက် စာတမ်းအထောက်အထားစုံလင်စွာမပါရှိသောကြောင့် မြစ်ကြီးနားမြို့ရှိ တည်းခိုခန်းများတွင် နေထိုင်နေကြစဉ် မိဘဆွေမျိုးများနှင့် အဆက်အသွယ်ပြတ်တောက်ခြင်းဖြစ်ပေါ်ခဲ့သည့်အပြင် အခက်အခဲများကြုံတွေ့နေသဖြင့် ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က တင်ပြအကူအညီတောင်းခံခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့က ရှာဖွေကယ်ဆယ်ပြီး ယခုလိုနေရပ်ပြန်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)