MNP ၊ ဩဂုတ် ၁၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် (၃)ရက်ခန့်အကြာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသန်းခဲ့၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ လူနေအိမ်အချို့မှာ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနစ်မြုပ်မှုမှာ မအီချောင်းအတွင်းမှ တောင်ကျရေမြင့်တက်လာမှုကြောင့် ရပ်ကွက်များအတွင်းသို့ ရေကျော်ဝင်ရောက်လာခြင်း မဟုတ်ဘဲ ရပ်ကွက်များအတွင်း အချို့နေရာများ၌ ရေမြောင်းများ/ ရေထွက်ပေါက်များ ပိတ်ဆို့နေခြင်းကြောင့် နစ်မြုပ်ရခြင်းဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။ ဖော်ပြပါ မြို့တွင်းရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်က မြေတူးစက် Backhoes များအသုံးပြ၍ တစ်မြို့လုံးနီးပါး တူးဖော်ခဲ့ပါကြောင်း၊ ထိုသို့ တူးဖော်ရာ၌ တစ်ချို့အိမ်များက မိမိတို့အိမ်ရှေ့ ကွန်ကရစ်အဖုံးများ မပျက်စီးစေလို၍ မိမိတို့အစီအစဉ်ဖြင့် တူးဖော်ပါရစေဟု တောင်းဆိုခဲ့ခြင်းကြောင့် ရပ်နားထားခဲ့ရသည်များလည်း ရှိပါကြောင်း၊ ယခုကဲ့သို့ ရေနစ်မြုပ်မှုများမရှိစေရေး၊ မြို့တွင်းရေမြောင်းများ ရေစီးရေလာ ကောင်မွန်စေရေးတို့အတွက် ပြည်သူများအနေဖြင့် မိမိတို့အသိစိတ်များဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရရာရှိ ဦးညီညီလွင်က္ ပြောကြားခဲ့သည်။
ဖော်ပြပါ မိုးသည်းထန်စွာ ရွာသန်း၍ ရေနစ်မြုပ်ခဲ့သည့် အိမ်ထောင်စုများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိပြီးဖြစ်ကြောင်၊ ယခုအချိန်တွင် ရေကျလာပြီဖြစ်၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက အဆိုပါ အိမ်ထောင်စုများမှာ မကြာမီကာလ၌ မိမိတို့နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့ နေထိုင်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost





No comments:
Post a Comment