မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြေနိမ့်ပိုင်းကျေးရွာအချို့ မြစ်ရေများစတင်ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြေနိမ့်ပိုင်းကျေးရွာအချို့ မြစ်ရေများစတင်ဝင်ရောက်




MNP ၊  ဩဂုတ်  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ဧရာတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းကျေးရွာအချို့တွင် မြစ်ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မန်းကျိုးကျေးရွာအုပ်စု၊ ထုံမကြီးကျေးရွာမှ အိမ်ထောင်စုပေါင်း(၆၀)စု၊ လူဦးရေ(၁၁၀)ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာ ကျောက်ကုန်းနှင့် သံကန်တန်း(၇) နေရာများတွင်လည်းကောင်း၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ တပင်ရွာမှအိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၅)ဦးအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင်လည်းကောင်း ယာယီပြောင်းရွှေ့ပေးထားကြောင်း သိရသည်။


ထို့အပြင် မြစ်ရေဝင်ရောက်မှုကြောင့် ထုံးမကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်းနှင့် နိဗ္ဗာန်ကျွန်းကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်းများကို မြစ်ရေကျသည့်အချိန်ထိ ယာယီ ပိတ်ထားရကြောင်း၊ ယခု မြစ်ရေဝင်ရောက်သည့် ဒေသများမှာ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်း ဒေသများဖြစ်၍ နှစ်စဉ်မြစ်ရေတက်ချိန် ဧရာဝတီမြစ်ရေအမှတ် ၁၅၀၀ စင်တီမီတာနှင့်အထက်သို့ ရောက်ရှိလာပါက မြစ်ရေပုံမှန်ဝင်ရောက်လေ့ရှိသည့် ဒေသများဖြစ်ကြောင်း မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင်ထံမှ သိရသည်။


မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ မင်းဘူးမြို့ ဧရာဝတီမြစ် ရေအမှတ်သည် ၁၅၂၇ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၁၇၃ စင်တီမီတာလိုသေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)