မင်းဘူး(စကု)မြို့နယ်၌ မိုးစပါးကို ကောက်စိုက်စက်နှင့်တွဲဘက်သုံး မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ မိုးစပါးကို ကောက်စိုက်စက်နှင့်တွဲဘက်သုံး မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ






MNP ၊  ဩဂုတ်  ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုးစပါးကို ကောက်စိုက်စက်နှင့် တွဲဘက်သုံး မျိုးစေ့ချကိရိယာ(Transplanter Mounted Seeder)နှင့် ကောက်စိုက်စက်ဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ဩဂုတ် ၁၆ ရက် နံနက် ၈ နာရီအချိန်က ကမ်းနီ လျှပ်စစ်မြစ်ရေတင်စိုက်ကွင်းဧရိယာရှိ ရွာသာယာကျေးရွာအုပ်စု ကွင်းအမှတ် ၁၄၁၂၊ ဒေသခံ တောင်သူဦးလှအောင်၏ လယ်မြေ ၄ ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဦးစွာ ကွင်းသရုပ်ပြပွဲတွင် မကွေးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်မွန်က အမှာစကားပြောကြားရာ စပါးစိုက်တောင်သူများ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် အပင်နှင့်အတန်း အကွာအဝေးညီညာပြီး ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း၊ ကြားပေါင်းလိုက်ရလွယ်ကူခြင်း၊ လေဝင်လေထွက်၊ သီးနှံဖြစ်ထွန်းမှုနှင့် အထွက်နှုန်း တိုးတက်ကောင်းမွန်စေခြင်း၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီအချိန်မီ စိုက်ပျိုးနိုင် ခြင်းနှင့် စပါးစိုက်ပျိုးချိန် ကောက်စိုက်သမ(လုပ်သား)ရှားပါးမှု အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေနိုင်ခြင်းတို့ကြောင့် မင်းဘူးမြို့ အမှတ်(၈)စက်မှုလယ်ယာစခန်းမှ ဦးဆောင်၍ ယခုလို တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် လုပ်သားလိုအပ်မှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်သည့် ဒေသနှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများဖြစ်သည့် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းချွေလှေစက်နှင့် မျိုးစေ့ချကိရိယာ(Seeder)များကို ဌာနအစီအစဉ်ဖြင့် ရောင်းချပေးခြင်း၊ ပြင်ပကမ္ပဏီများနှင့်ချိတ်ဆက်၍ ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့ အမှတ်(၈)စက်မှုလယ်ယာစခန်းမှ ဦးစီးမှူ ဦးဇော်လင်းနိုင်က ရှင်းပြသည်။


ထို့နောက် တောင်သူဦးလှအောင်၏ လယ်မြေ ၄ ဧက အတွင်း၌ ဧရာမင်းစပါးမျိုးကို ကောက်စိုက်စက်နှင့်တွဲဘက်သုံး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှု၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများအား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မင်းဘူးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


မင်းဘူး(စကု)မြို့နယ်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင် စိုက်ကွင်းဧရိယာအတွင်း၌ စိုက်ဧက ၇၅၇ ဧက ရှိသည့်အနက် ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးကို ၃၄၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်နေပြီး ယနေ့အထိ ၃၂၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ အဆိုပါစိုက်ကွင်းဧရိယာအတွင်းရှိ စပါးစိုက်တောင်သူများမှ ပန်းတိုင်ရည်မှန်း တောင်သူ ၂၀ ဦး၏ မိုးစပါး စိုက်ဧက ၅၀ အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယူရီးယာဓါတ်မြေဩဇာ (၄)ဧကကို တစ်အိတ်နှုန်းဖြင့် တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ စိုက်ကွင်းတိုက်ရိုက် ရောင်းချပေး ခဲ့ကြောင်း သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)