နိုင်ငံတော်ဘာသာနေ့အကြောင်း သိကောင်းစရာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဘာသာနေ့အကြောင်း သိကောင်းစရာ


နောင်တော်လေး (ဘိုကလေး)

မြန်မာနိုင်ငံမှာ နှစ်စဉ်ဆိုသလို သမိုင်းကြောင်းအစဉ်အလာတစ်ခုကို ထိန်းသိမ်းတဲ့အနေနဲ့ အမျိုး ဘာသာ သာသနာအရေးကို အလေးထားကြတဲ့ ဆရာတော်သံဃာတော်များ၊ အမျိုးသားရေးအသင်းအဖွဲ့များက နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို ကျင်းပကြပါတယ်။ နိုင်ငံတောဘာသာနေ့ ဖြစ်ပေါ်လာပုံ မှတ်တမ်းတွေကိုလည်း နောင်လာနောင်သား လူငယ်များ သိရှိရလေအောင် ဟောပြောပွဲတွေ ကျင်းပကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတော်ဘာသာနေ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ -

ပြည်ထောင်စုမြန်မာနိုင်ငံ တွင် ဗုဒ္ဓဘာသာ ၁၉၄၇ အခြေခံဥပဒေအရ "ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ်သည်ဟု ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည်။"

"နိုင်ငံတော်သည် အစ္စလာမ်ဘာသာ သာသနာ၊ ခရစ်ယာန်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာအချို့ဟူ၍ အသိအမှတ်ပြသည်"ဟူ၍ ပါရှိပါတယ်။

ဝန်ကြီးချုပ်ဦးနုသည် ဆဋ္ဌသင်္ဂါယနာပွဲ အတွက် ကမ္ဘာအေးစေတီတော်နှင့် မဟာပသဏလှိုဏ်ဂူတော်တို့ကို တည်ဆောက်ခဲ့ပြီး ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ထိုပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး၊ ပါလီမန်လွှတ်တော်အမတ် ဝန်ကြီး သံမဏိ ဗိုလ်ခင်မောင်၊ ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ တော်ဘုရားလေး(ဦး)အောင်ဇေ၊၊ ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့ နာယက မြို့တော်ဝန် ဝတ်လုံတော်ရ ဦးဘစိုး၊ ပါလီမန်လွှတ်တော်အမတ် ဒေါ်ခင်လှ(စမ်းချောင်း) စသော ခေါင်းဆောင်များသည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေတွင် အသိအမှတ်ပြု ပြဋ္ဌာန်းရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် ဩဂုတ်လ (၁၇)ရက်တွင် ဝန်ကြီးချုပ် ဦးနုသည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် အသိအမှတ်ပြု ပြဋ္ဌာန်းရေး အက်ဥပဒေမူကြမ်း အဆိုတင်သွင်းခဲ့ပြီး ၁၉၆၁ ခုနှစ် ဩဂုတ်လ (၂၆)ရက်တွင် ဗုဒ္ဓဘာသာ သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ တတိယပြင်ဆင်ချက်အက်ဥပဒေအရ နိုင်ငံတော်ဘာသာ အဖြစ် နိုင်ငံတော်သမ္မတ ဦးမန်းဝင်းမောင် က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းကို အစွဲပြုပြီး နိုင်ငံတော်ဘာသာနေ့ အဖြစ် ဂုဏ်ပြုဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ 

ဤသို့ ကြေငြာမှုအပြီး မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများ၏ကွဲပြားမှုကို ဦးတည်စေခဲ့ပြီး ခရစ်ယာန်နှင့် အစ္စလာမ်အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ကြတာမျိုး ရှိပါတယ်။ ၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့၍ ယခင် ၁၉၆၁ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၊ တတိယပြင်ဆင်ချက်ပါ နိုင်ငံတော်ဘာသာပြဌာန်းချက်စသည်များကို ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို စဉ်ဆက်မပြတ် ကျင်းပလာခဲ့တာဟာ ယနေ့တိုင်အောင်ပဲ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဆိုရင်လည်း "နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ် ပြုသည်။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာ နှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။

နိုင်ငံတော်ဘာသာနေ့နဲ့ ပတ်သက်ပြီး အမျိုးယုတ်တွေကတော့ သဘောမကျကြပါဘူး။ ဝေဖန်တိုက်ခိုက်တာမျိုးတွေလည်း လုပ်ဆောင်လေ့ရှိပါတယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ -

ပုဒ်မ ၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည် -

(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်၊

(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊

(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊

(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။

ပေးထားပြီး ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်ဘာသာနေ့အခမ်းအနား ကျင်းပခြင်းဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်ဘဲ မိမိတို့ ချစ်ခင်မြတ်နိုးတဲ့ ဘာသာ သာသနာအတွက် ဆောင်ရွက်ကြခြင်းဖြစ်လို့ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်လည်း မဟုတ်ပါဘူး။ ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောရရင် နိုင်ငံတော်ဘာသာနေ့အခမ်းအနား ကျင်းပတဲ့နေ့ဟာ ဝါခေါင်လပြည့်နေ့ ဖြစ်တာနဲ့အညီ ကောင်းမှုကုသိုလ်ပြုကြတယ်။ မြတ်စွာဘုရားကို ပူဇော်ကြတယ်။ နိုင်ငံတော်ဘာသာနေ့လို့ အထူးပြုပြီး ကောင်းမှုကုသိုလ်ပြုကြခြင်းပဲ ဖြစ်ပါတယ်။


နိုင်ငံတော်ဘာသာနေ့နဲ့ ပတ်သက်လို့ wikipedia မှာ အဓိပ္ပာယ် ဖွင့်ဆိုရှင်းလင်း ထားတာကို လေ့လာကြည့်တဲ့အခါ - 

နိုင်ငံတော်ဘာသာ (အင်္ဂလိပ်: state religion (သို့) established religion (သို့) official religion ) ဟူသည်မှာ နိုင်ငံတစ်ခုက တရားဝင် အတည်ပြုထားသော ဘာသာတရားတစ်ရပ် ကို ဆိုလိုကြောင်း၊ ထိုသို့တရားဝင်ပြဌာန်းထားသော ဘာသာတရားရှိသည့် တိုင်းပြည်တစ်ခု၌ အုပ်ချုပ်သူ (သို့) အစိုးရခေါင်းဆောင်သည် ဘာသာရေးခေါင်းဆောင် (ဘာသာရေးအဝန်းအဝိုင်းထဲကပုဂ္ဂိုလ်) ဖြစ်နေရန်မလိုအပ်ကြောင်း၊ ဆိုလိုသည်မှာ အုပ်ချုပ်သူသည် ဘာသာရေးနှင့်ဆိုင်သောပုဂ္ဂိုလ်လည်းဖြစ်နိုင်သကဲ့သို့ ဘာသာရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဘာသာများသည် တရားဝင် (သို့) ဘာသာတရားတစ်ခုနှင့် ပတ်သက်၍ အစိုးရ၏ တရားဝင် ခွင့်ပြုသတ်မှတ်ကျားကန်ပေးထားသော ဘာသာတရားမျိုးဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံသည် (ဘာသာရေးခေါင်းဆောင်အုပ်ချုပ်သော နိုင်ငံတွင်ကဲ့သို့) ပြဌာန်းသတ်မှတ်ထားသော ဘာသာတရား၏ ထိန်းချုပ်မှုအောက်၌ ရှိနေရန်မလိုအပ်သလို ထိုတရားဝင်ဘာသာတရားသည် နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင်လည်း မဖြစ်မနေ ရှိနေရန်မလိုအပ်ကြောင်း ရှင်းလင်းဖွဲ့ဆိုထားတာကို တွေ့ရပါတယ်။

လူ့သမိုင်းခေတ်အဆက်ဆက်က တရားဝင်ဘာသာရေးများသည် ယဉ်ကျေးမှုအလွှာပေါင်းစုံတို့၌ တည်ရှိခဲ့ကြသည်ဟု သိရှိရပါတယ်။ ယုံကြည်ကိုးကွယ်မှု ဘာသာတရားနှင့် ယင်းနိုင်ငံအကြား ဆက်နွယ်ပတ်သက်မှုအကြောင်းကို ရောမခေတ် ရှေးဟောင်းသာရေးဆရာ၊ ပညာရှင် ဝါးရို (Varro) က နိုင်ငံရေးနှင့်ဆိုင်သော ဘာသာရေး (theologia civilis) ဝေါဟာရဖြင့် ဆွေးနွေးတင်ပြထားမှုတစ်ခုရှိပါတယ်။ ပထမဆုံး နိုင်ငံတစ်ခုက ကျားကန်ထောက်ပံ့ပေးသော ခရစ်ယာန်အသင်းတော်မှာ သက္ကရာဇ် ၃၀၁ တွင် တည်ထောင်သော အာမေးနီးယန်း ပုပ်ရဟန်းမင်းနှင့်ဆိုင်သော အသင်းတော် (Armenian Apostolic Church) ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာထွန်းကားသော တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့တို့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်လည်းကောင်း လူအများစုကိုးကွယ်ရာ နိုင်ငံတော်၏ အထွတ်အမြတ်ထားရာ (သို့) အထင်ကရ ဘာသာတစ်ခုအဖြစ်သော်လည်းကောင်း သတ်မှတ်ထားကြပါတယ်။ ဘူတန်နှင့် ကမ္ဗောဒီးယားနှစ်နိုင်ငံက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းထားပါတယ်။

ခရစ်ယာန်ဘာသာတွင် church ဝေါဟာရသည် စံအားဖြင့် ခရစ်ယာန်ဘာသာနှင့်ဆိုင်သော ကိုးကွယ်ဝတ်ပြုရာနေရာ (သို့) ထိုသို့သောနေရာများကို ပေါင်းစပ်စုစည်းထားသော အသင်းအဖွဲ့များဟု၍ အနက်ရရှိသည်။ state church ဆိုသောစကားလုံးမှာ အစိုးရကထောက်ခံအတည်ပြုထားသော ခရစ်ယာန်ဘာသာနှင့်ဆိုင်သည့် နိုင်ငံတော်၏အသင်းတော် ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းတွင် မူလအားဖြင့် အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပြဌာန်းထားကြပါတယ်။ သို့သော် ပြည်သူပြည်သားများ၏ နေ့စဉ်ဘဝကို ကန့်သတ်ချုပ်ချယ်ရာ၌ နိုင်ငံတစ်ခုနှင့် တစ်ခုမတူပေ။ ဆော်ဒီအာရေးဘီးယားနိုင်ငံသည် ဘာသာရေး နှင့် ဘာသာရေးမဟုတ်သည့် အာဏာနှစ်ရပ်လုံးကို အသုံးပြု၍ အီရန်နိုင်ငံသည်ကား တာဝန်ထမ်းဆောင်သော သမ္မတများသည် ၁၉၇၉ အီရန်တော်လှန်ရေးကာလမှစ၍ ယနေ့အထိ နိုင်ငံတော်၏ အထွတ်အထိပ်ခေါင်းဆောင် (Supreme leader) ၏ ဆုံးဖြတ်ချက်များကို နာခံရသည်။ ထိုအထွတ်အထိပ်ခေါင်းဆောင်မှာ ဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်။ တူရကီနိုင်ငံသည် အတာတာ့ခ်တော်လှန်ရေးပြီးနောက် ဘာသာရေးအပေါ်အခြေခံသည် နိုင်ငံမဟုတ်တော့ကြောင်း တွေ့မြင်ရပါတယ်။

တစ်ချိန်တည်း၌ ပေါ်ပေါက်ခဲ့သော ရုရှားတော်လှန်ရေးတွင်မူ ယခင် ဆိုဗီယက်ပြည်ထောင်စုသည် နိုင်ငံတော်ကို ဘာသာမဲ့အနေအထားဖြစ်စေခဲ့ပါတယ်။ 

နိုင်ငံက နိုင်ငံသားများအပေါ် ပြဌာန်းသော တရားဝင်နိုင်ငံတော်ဘာသာဆိုသည့် အတိုင်းအတာသည် မတူကွဲပြားစွာဖြင့် အမျိုးမျိုးရှိရာ တင်းကျပ်သော ဆော်ဒီအာရေးဘီးယားနိုင်ငံမှသည် တင်းကျပ်မှု အနည်းဆုံး (သို့) တင်းကျပ်မှုမရှိသော ဒိန်းမတ်၊ အင်္ဂလန်၊ အိုက်စလန်နှင့် ဂရိကဲ့သို့သော နိုင်ငံများလည်း ရှိကြပါတယ်။

ဒါကို ကောက်နှုတ်တင်ပြရခြင်းက ကျွန်တော့်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ နိုင်ငံရေးပယောဂပူးကပ်ပြီး ဗုဒ္ဓဘာသာ အပေါ် ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေက လူငယ်များ အသိမှား အမြင်မှားဖြစ်အောင် ဖန်တီးလုပ်ဆောင်နေကြတာတွေ ရှိပါတယ်။ အထက်ပါ ပြဆိုချက်များကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များပြားသော တိုင်းပြည်များမှာ မိမိတို့ ပြည်သူများရဲ့ လိုလားချက်အရ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းထားတာကို တွေ့ရမှာ ဖြစ်သလို အစ္စလာမ်းမစ်နိုင်ငံများမှာ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပိုပြီး တင်းကြပ်တဲ့ စည်းမျည်းတွေ ချမှတ်ထားကြပါတယ်။ ခရစ်ယာန်ဘာသာ ထွန်းကားရာ တိုင်းပြည်မှာလည်း ခရစ်ယာန်ပြည်သူများရဲ့ အလိုဆန္ဒနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားကြတာပဲ ဖြစ်ပါတယ်။

မြန်မာပြည်သည်လည်း ဗုဒ္ဓဘာသာကိုးကွယ်သူ အများစုရှိရာတိုင်းပြည်ဖြစ်တဲ့အတွက် ဒီမိုကရေစီရှုထောင့်ကပဲ ကြည့်ကြည့်၊ နိုင်ငံတကာကို စံထားပြီးတော့ပဲ ပြောပြော ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အလေးအမြတ် ပြုခြင်းဟာ ဥပဒေနဲ့လည်း ညီညွတ်သလို မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေခြင်းလည်း မရှိပါဘူး။ ယခုနှစ် ဝါခေါင်လပြည့်နေ့မှာ (၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အဖြစ် ကျရောက်တော့မှ ဖြစ်ပါတယ်။ နေပြည်တော် အမျိုးသားရေးဆရာတော်သံဃာတော်များ က ဦးဆောင်၍ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကိုး ကျင်းပမှာ ဖြစ်ပြီး အနယ်နယ်အရပ်က ဗုဒ္ဓဘာသာဝင် ပြည်သူများကလည်း အသင်းအဖွဲ့များ စုပေါင်းပြီး နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို ကျင်းပဆောင်ရွက်နိုင်ကြပါစေကြောင်း -


(မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ)

နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)