ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းခဲ့ပြီဖြစ်၍ အများနှင့်သက်ဆိုင်သောနေရာများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ သန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းခဲ့ပြီဖြစ်၍ အများနှင့်သက်ဆိုင်သောနေရာများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ သန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး






MNP ၊  ဩဂုတ်   ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးတို့နှင့်အတူ ဩဂုတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းခဲ့ပြီဖြစ်၍ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည့် အများနှင့်သက်ဆိုင်သော စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။      


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ကျောင်းသုံးပရိဘောဂများ အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရန်၊ စာသင်ကျောင်းဝန်းကျင်သန့်ရှင်းရေးအပြင် စာသင်ခန်းများအလိုက် ပြန်လည်ဆေးကြောရန်၊ စာသင်ကျောင်းဘေးရှိ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ပြန်လည်ဆေးသုတ်ခြင်းများ ဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ စဉ်ဆက်အပြတ် ဆောင်ရွက်ပေးရန်၊ ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ကျေးရွာများအထိ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ အနောက်ရွှေနံ့သာ ဘုန်းတော်ကြီးကျောင်းနှင့် ဥဿာ(၇)ရပ်ကွက်၊ ပညာမွန်ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး  ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေးခစန်းဖွင့်လှစ်ခဲ့ရာ ရေဘေးသင့်ပြည်သူများယာယီနေထိုင်ခဲ့သည့် ဓမ္မာရုံများ၊ အာရုံခံတန်ဆောင်များအား ရေဆေးချခြင်းအပြင် ဘုန်းတော်ကြီးကျောင်း အတွင်း/အပြင်ဘက်ရှိ ခြုံနွယ်များအား တစ်ပါတည်းရှင်းလင်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။      


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြီးမှုကြောင့် ပညာမွန်ဘုန်းတော်ကြီး ကျောင်းဘေးရှိ မြေပြိုပျက်စီးခဲ့သည့် ဒါးလှီးရိုး(ခ)သဘော်စမ်းရိုးချောင်းအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရိုးချောင်းကမ်းထိန်းနံရံများ ပြန်လည်ပြင်ဆင်ရန်နှင့် ရိုးချောင်းအားစနစ်တကျ ပြန်လည်တူးဖော်ရန်၊ ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးခဲ့သည့် လမ်းများအမြန်ဆုံးပြင်ဆင်ရန်နှင့် မြို့တွင်း/မြို့ပြင် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ရသော အများနှင့်သက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအား စေတနာရှင်မိသားစုက ဒံပေါက်ထုပ်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)